Unicode
ပန်းခင်းကြီးရဲ့ အလယ်တည့်တည့်မှာမတ်တပ်ရပ်နေတယ်။ ဘေးဘီတွေကို လှည့်လည်ကြည့်လိုက်တော့လည်း ဒေစီပန်းခင်းကြီးဟာ မျက်စိတစ်ဆုံး။ ဒါပေမယ့် ထူးဆန်းတာက အရှေ့မှာမြင်ရတဲ့ ဒေစီပန်းခင်းကြီးဟာ အဖြူရောင်။ နောက်ကိုလှည့်ကြည့်လိုက်တော့ ဒေစီပန်းခင်းကြီးက ထူးထူးခြားခြားအဝါရောင်။
သူဟာ ဒေစီပန်း အဖြူနဲ့အဝါကြားအလယ်တည့်တည့်မှာရပ်နေတယ်။ ကိုယ်ဝတ်ထားတာသေချာကြည့်လိုက်မှ အဖြူရောင်ဂါဝန်ဒူးဖုံးလေးနဲ့သာ။ ကောင်းကင်ကြီးကလဲ ပြာနှမ်းပြီးတော့ ရာသီဥတုလေးကလဲကောင်းလိုက်တာ။ နေရောင်ခြည်လေးကလည်း နွေးနွေးလေး။ စိတ်ကလည်း ကြည်လင်ပေါ့ပါးနေတယ် အမြဲဒီလိုလေးနေရရင်ကောင်းမှပဲ။
"Jane....သမီးလေး"
Jane ပတ်ဝန်းကျင်ကိုငေးကြည့်နေတုန်း အရှေ့ကအဖြူရောင်ဒေစီတွေကြားကနေ အင်္ကျီအဖြူရောင်ဝတ်ထားတဲ့ Jane အဖေက ရုတ်တရက်ရောက်လာတယ်။ Jane သူ့အဖေကိုဝမ်းသာအားရနဲ့ပြေးဖက်လိုက်တယ်။ ပြီးတော့ ထပ်တွေ့ရမယ်မှန်းမသိခဲ့လို့ ဝမ်းသာကာငိုမိတယ်။
"သမီးလေးရယ် ဘာလို့ငိုနေရတာတုန်း"
"လွမ်းလို့ ဖေဖေ့ကိုအရမ်းလွမ်းလို့"
"ဖေဖေလဲ အရမ်းလွမ်းတာပေါ့သမီးရယ်"
Janeမျက်ရည်လေးတွေကို သူ့အဖေက တယုတယသုတ်ပေးကာပြောလိုက်တယ်။ ပြီးတော့ အဖေ့စကားကြောင့် Jane ကြောင်သွားတယ်။
"ဖေဖေ Jane ကိုအရမ်းတွေ့ချင်ပေမယ့် အခုက တွေ့ဖိုအချိန်မတန်သေးဘူး သမီးရယ်"
"ဟင့်အင်း သမီးသူတို့နဲ့မနေချင်ဘူး ဖေဖေကလွဲလို့ ဘယ်သူ့မှသမီးကိုမချစ်ကြဘူး"
"မဟုတ်ပါဘူး သမီးရယ် သမီးကိုချစ်တဲ့သူတွေရှိပါတယ် သေချာကြည့်ချည် အခုတော့ပြန်ပါသမီးရယ်"
"ဟင့်အင်း မေမေကလဲ သမီးကိုနှိပ်စက်တယ် Lisa ကလဲ သမီးကိုသေသေပစ်ထားတယ်"
Jane ကလေးလေးတစ်ယောက်လို ငိုယိုပြီး သူ့ဖေဖေကို တိုင်ပြောနေလေရဲ့ ။ အဖေကတော့ ပြုံးကာ သူ့သမီးလေးကို သေချာကြည့်နေရှာတယ်။