Unicode
ပြတင်းပေါက်ကဖြာကျလာတဲ့နေရောင်ကြောင့် နိုးထခြင်းသို့။ နိုးနိုးချင်းမှာပဲ အဝတ်ဗလာဆိုတာ သိလိုက်ရတာနဲ့ မနေ့ညကအဖြစ်အပျက်ကြောင့် မျက်လုံးတောင်မဖွင့်ရသေးဘဲ ပြုံးမိသွားတယ်။ ဘေးနားမှာ သူရှိတယ်အထင်နဲ့ လှမ်းဖက်လိုက်တော့မရှိပြန်။ အဲ့ကျမှ ခေါင်းထောင်ပြီး အခန်းထဲလှည့်ပတ်ကြည့်တော့မတွေ့။ အဝတ်တွေ ယူဝတ်လိုက်ပြီး အောက်ထပ်ဆင်းလာကာ
"Jane.."
ဧည့်ခန်းထဲမှာလဲမရှိ။
"Jane.."
မီးဖိုချောင်ထဲမှာလဲ မဟုတ်။ အိမ်နေရာပေါင်းစုံလိုက်ရှာလဲမတွေ့။ သူဘယ်တော့မှ လူကိုမပြောမဆိုနဲ့ မထွက်သွားတတ်ဘူး။ သူစျေးဆိုင်သွားချင်ရင်တောင် ကိုယ်နိုးလာမှသွားတာ။ အမြဲတမ်း ကိုယ်နိုးတဲ့အထိ ဘေးနားမှာ သူရှိတယ်။ နာရီကြည့်တော့ အလုပ်သွားဖို့ကရှိသေးတယ်။ ဪ...သူဒီတိုင်း လမ်းလျှောက်တာတို့ စျေးဝယ်တာတို့ ခဏထွက်တာနေမှာပါ။
ပြောတော့ ကိုယ့်အကြောင်းတွေသိလာပြီဆို။ လူကိုလည်း ဘာလို့မျှော်လင့်ချက်တွေ ပေးသွားရတာလဲ။ ပြောတော့ ဒီမှာပဲအတူတူနေတော့မယ်ဆို။ ဒါပေမယ့် ငါနိုးထလာတော့ ကုတင်ကနွေးမနေဘဲ လေအေးတွေကြောင့် အေးစက်နေတယ်။
Jane ဘာလို့ လူကိုယုံကြည်နိုင်အောင် ပြုစားရတာလဲကွာ။ ဘယ်သူဆီမှာမှမရှိတဲ့ အရာတစ်ခုခုကိုယ်တွေနှစ်ယောက်ကြားမှာ ရှိတယ်လို့ထင်မိတယ်။ ဒါပေမယ့် ဒီမနက် လှည့်ပတ်လိုက်ရှာတော့ မင်းကိုမတွေ့ဘူး။
မနက်ခင်းကတည်းက ဘယ်တွေသွားနေတာလဲ အချစ်ရယ်။ ဖုန်းဆက်ရအောင်လည်း Janeကဖုန်းမသုံးဘူးလေ။ သတိမပေး ဘာမပေးနဲ့ကိုယ့်ကိုထားခဲ့တာလား။ ဘယ်လိုတွေများ အဝေးကို လျှောက်သွားနေတာလဲ။
မနက်စာအတူတူစားတိုင်း ကြည်နူးမိတဲ့ခံစားချက်ကို Jane ကိုယ်နဲ့အတူတူခံစားမိတယ်လို့ ထင်မိတယ်။ ကိုယ်တွေနှစ်ကိုယ်ကြားမှာ စိတ်ချင်းဆက်သွယ်မိအောင် သူလုပ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်တောင် မထင်မှတ်ဘဲနဲ့လေ။
