Unicode
တစ်နေ့ထက်တစ်နေ့ သူ့ကိုဂရုစိုက်ချင်မှုတွေက ပိုပိုတိုးလာတယ်။ သူကိုတွေ့ရင် ဘေးနားကပတ်ဝန်ကျင်ဘာမှမမြင်တော့အောင် သူကကိုယ့်ကိုချုပ်ကိုင်ထားတယ်။ ညတိုင်းညတိုင်း သူ့အကြောင်းတွေတွေးဖြစ်တယ်။ ဘာရယ်မဟုတ်ဘူး သူပြောလိုက်တဲ့စကားလုံးတွေကိုလဲ ခေါင်းထဲမှာသေတဲ့အထိစွဲနေအောင်မှတ်ထားမိတယ်။
သူကရော ကိုယ့်ကိုဘယ်လိုမြင်လဲ? သူငယ်ချင်းလား ညီမလေးလား ဒါမှမဟုတ် သူ့ကိုကူညီပေးတဲ့ဝန်ထမ်းသက်သက်လား။ အရင်ကထက်တော့ သူမချေတော့ပါဘူး။ ပြီးတော့ သူပြည့်ပြည့်ဝဝနဲ့ အားရပါးရရယ်တာကိုလဲ အခုထိမတွေ့ဖူးသေးဘူး။ တခါတလေသူက ကျေးဇူးတင်ကြောင်းပြောတဲ့ အကြည့်တွေနဲ့ကြည့်တယ်။ ဒါပေမယ့် နှုတ်ကအခုထိမထွက်သေးဘူး။
အလုပ်မအားတာကြောင့် သူဆီမသွားတဲ့အချိန်ဆို သူကအခန်းထဲမှာ စာအုပ်ဖတ်နေတတ်ပြီး အခန်းထဲဝင်လာရင် မျက်လုံးလေးတွေပြူးကာရွှန်းလဲ့သွားပြီး ပျော်နေတတ်တယ်။ အရက်မသောက်တော့ပေမယ့် ဆေးလိပ်တော့ သူစိတ်ကူးပေါက်ရင်သောက်နေတုန်းပဲ။ ဒီနေ့နဲ့ဆို သူဟိုတယ်မှာနေနေတာ နှစ်ပတ်လောက်ရှိပြီ။ နှစ်ပတ်အတွင်းမှာ သူ့ကိုသဘောကျမိတာ ဖြစ်နိုင်ရဲ့လား။ မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတာလား။ နေဦး ငါအခုအချစ်လို့ပြောလိုက်မိတာလား?
ဒီနေ့ ကိုယ့်ပိတ်ရက်ဆိုပေမယ့် အိမ်မှာပဲနေရမယ့်အစား သူ့အကြောင်းတွေသာခေါင်းထဲရောက်လာလို့ သူ့ကိုခေါ်ပြီးအပြင်သွားမယ်ဆိုကာ ထွက်လာလိုက်တယ်။ ပိတ်ရက်ရောက်ရင် အိမ်ပြင်ကနေ အိမ်အောက်တောင်မဆင်းတဲ့သူက ဟိုတယ်ကို တကူးတကလာတယ်ဆိုတော့ ဟိုတယ်ဝန်ထမ်းတွေက ကိုယ့်ကိုကြည့်ပြီးအံ့သြနေကြတယ်။
သူ့နေတဲ့အခန်းရဲ့အထပ်ရောက်တော့ ဓါတ်လှေကားထဲကဆင်း တန်းတန်းလျှောက်ပီး ညာဘက်ချိုး ဘယ်ဘက်အစွန်ဆုံးရဲ့တစ်ခန်းအလိုလေးက သူ့အခန်းပေါ့။ သူရှိရာကိုမြောက်ကြွကြွသွားနေလိုက်တယ်။ အခန်းနားထိလဲမရောက်သေး ခပ်လှမ်းလှမ်းအနေထားကနေ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြောင်ကြည်နေမိတယ်။