အခန်း(၂၅)

7.8K 1.3K 9
                                    

{Unicode}

ညရောက်တော့ ဖန်းကျိုးမူမှာ ကောင်းကောင်းအိပ်မပျော်ပဲ မကြာခဏ လန့်လန့်နိုးသည်။

ည တစ်ဝက်နိုးတိုင်း Andrew နှင့် စကားပြောဖို့ ဖုန်းအလိုလို စမ်းမိတတ်သည့်အကျင့်ကို မပြင်နိုင်သေး။ သူကိုင်လိုက်မိသည့် ဖုန်းက အသစ်ဆိုတာကို သတိထားမိခါမှပဲ လက်ရှိအဖြစ်အပျက်တွေဆီ အသိစိတ်ကပ်ကာ ဖုန်းကို ပြန်ချရသည်။

ထို့နောက်တွင်တော့  ထပ်မဖြစ်တော့ချေ။

မနက်အိပ်ယာမှ နိုးလာသည့်အချိန် ဖန်းကျိုးမူ၏ စိတ်အခြေအနေက အတော်လေး ပြန်ကောင်းလာပြီဖြစ်သည်။ သူ့ Laptop ကို ဖွင့်လိုက်ကာ အိမ်ပြန်လို့ရမည့်လမ်းကြောင်းကို စုံစမ်းကြည့်လိုက်သည်။

Seattle ရောက်ရင် သွားဖို့ စဉ်းစားထားသည့် အတွေးမှန်သမျှကို သူ့ခေါင်းထဲမှ ထုတ်ထားသည်။ Dating app နှင့် ပတ်သက်သည့် သူ့မှတ်ဉာဏ်များကိုပါ ဖြစ်နိုင်လျင် ဖောက်ထုတ်လိုက်ချင်သည်။ တစ်ချိန်က အရမ်းကို ချိုမြိန်သည်ထင်ခဲ့သည့် အမှတ်တရတို့က စိတ်ဆင်းရဲစရာတို့၏ မြစ်ဖျားခံရာဖြစ်ကာနေသည်။

မိုးလေဝသ သတင်းတွေအရတော့ မုန်တိုင်းက နောက်ထပ် သုံးရက်ကနေ ငါးရက်လောက်အထိ ကြာနိုင်သေးသည်ဟု ဆိုနေသည်။ ဖန်းကျိုးမူသည် ပြတင်းအပြင်ဘက်ကို ငေးနေရင်း သူ့ Laptop ဆီ ပြန်အကြည့်ရောက်သည်။ သူ နောက်ဟိုတယ်တစ်ခုကို Booking လုပ်ဖို့ လိုသည်။

မိုးက အရမ်းကြီး မသဲတော့။ ဒီလိုဆို ဟိုတယ်ပြောင်းမည့် သူ့အတွက် အဆင်ပြေသည်။ လက်ရှိ နေနေသည့် ဟိုတယ်က နောက်ထပ် ငါးရက်လောက်သာ ဆက်နေရမည် ဆိုပါလျင် သူ့အတွက် ဈေးများလွန်းသည်။

တည်းဖို့နေရာကို လေယာဉ်ကွင်းနှင့် အနီးအနားက ဟိုတယ်တစ်ခုကို ရွေးလိုက်သည်။ သူ့ ခရီးဆောင်အိတ်ကို ပြင်ပြီးသည်နှင့် ဧည့်ကြိုကောင်တာကို အခန်းပိတ်ဖို့ ငွေထပ်ရှင်းရန် လိုမလို ဖုန်းဆက်မေးသည်။ မလိုအပ်တော့ကြောင်း သိရပြီးသည်နှင့် ဖန်းကျိုးမူက Taxi တစ်စီး စီစဉ်ပေးဖို့ရန် တောင်းဆိုလိုက်သည်။

ဟိုတယ် အထွက်ပေါက်ရောက်သည်နှင့် Taxi ကလည်း အရောက်ဖြစ်သည်။ ပစ္စည်းတွေ ကားပေါ်တင်ပြီးသည်နှင့် ထွက်လာလိုက်သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now