အခန်း(၂၇)

7.8K 1.3K 19
                                    

{Unicode}


Supermarket ထဲတွင် ပွဲတော်ကျင်းပနေသည့်အလား လူစည်ကားလျက်ရှိသည်။

စင်ပေါ်ရှိ ပစ္စည်းအများစုမှာ မရှိတော့သလောက်ပင်ဖြစ်ကာ ငွေရှင်းကောင်တာရှေ့တွင်လည်း ငွေရှင်းရန်စောင့်နေသည့် တွန်းလှည်းများက ပြည့်နှက်၍နေသည်။

ဈေးဝယ်လှည်းကို တွန်းရင်း သွားနေရာမှ များပြားလှသည့် လူအုပ်ကြီးကြောင့် ဖန်းကျိုးမူမှာ အသက်ရှူ မဝချင်သလိုပင် ဖြစ်လာရသည်။ စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူလက်အတွင်းမှ တွန်းလှည်းကို ပြောင်းယူလိုက်ရင်း ပြောလာသည်။

"ကိုယ့်နောက်က လိုက်ခဲ့"

ပထမ သူတို့နှစ်ယောက်ကြား အကွာအဝေးက အတော်အသင့် လှမ်းသေးသည်။ သို့သော်လည်း အလွန်များပြားလှသည့် လူပင်လယ်ကြီးအတွင်း တွန်းလိုက်တိုက်လိုက်နှင့် ဖန်းကျိုးမူသည် စုန့်ယွမ်ရှဲန်ဘေးနားသို့ ရောက်ရှိကာ သွားရသည်။

အစီအစဉ်မရှိပဲ လာခဲ့သည်မို့ ဖန်းကျိုးမူသည် ဝယ်စရာရှိသည်တို့ကို စာရင်းလုပ်မလာခဲ့ရပေ။ သူ့အိမ်တွင် မီးဖိုလည်းမရှိသည်မို့ မုန့်ခြောက်တွေရှိသည့် အတန်းသို့သွားကာ စားရလွယ်ကူသည့် အမျိုးအစားတွေကိုသာ ရွေးယူလာလိုက်ပြီး သောက်စရာအရည်တစ်ချို့ကိုပါ ထည့်လိုက်သည်။

စုန့်ယွမ်ရှဲန်ကတော့ သူနှင့်မတူ၊ သူက ချက်ပြုတ်စားရသည့် အမျိုးအမည်များစွာကို ယူထားသည်။ ထိုအထဲမှ တစ်ချို့ပစ္စည်းတွေဆိုလျင် ဖန်းကျိုးမူ မျက်စိကျပြီး ဘယ်တော့မှ မဝယ်ဖြစ်သည့်ဟာမျိုးဖြစ်သည်။

ဖန်းကျိုးမူသည် အလွန်တရာ အားကျစိတ်ဖြစ်ရသော်လည်း ဘာမှမထူးခြားသည့်အတိုင်း ဟန်ဆောင်နေလိုက်သည်။

စုန့်ယွမ်ရှဲန်က မေးလာသည်။

"မင်း ဝယ်တာ ဒီလောက်ပဲလား"

ဖန်းကျိုးမူ ခေါင်းညိတ်ပြလိုက်သည်။ စုန့်ယွမ်ရှဲန်သည် သူအနည်းငယ်သာ ဝယ်သည့်အပေါ် သိပ်သဘောမကျပုံရသော်လည်း ဘာမှ ထပ်မမေးလာတော့သည်မို့ တော်သေးသည်။

သူတို့လိုတာတွေ ရပြီးသည်နှင့် လျှောက်ပတ်မနေတော့ပဲ ငွေရှင်းရန် သွားတန်းစီလိုက်သည်။ ဆယ်မိနစ်ကျော်ကျော်မျှ တန်းစီရပြီး ငွေရှင်းကာ ထွက်လာကြသည်။ စုန့်ယွမ်ရှဲန်သည် ဘာပစ္စည်းမှ ဖန်းကျိုးမူကို ပေးမသယ်စေပဲ ကားနောက်ခန်းဖွင့်ဖို့ရန်သာ ကူညီခိုင်းသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now