အခန်း(၂)

9.4K 1.5K 30
                                    

{Unicode}

ဖန်းကျိုးမူအတွက်လည်း ခုလို စုံတွဲရှာပေးသည့် App မျိုးကိုသုံးတာ ပထမဆုံးအကြိမ်ဖြစ်သည်မို့ အနည်းငယ်စိတ်လှုပ်ရှား၍နေသည်။ သူ ယခုတက်ရောက်နေသည့် တက္ကသိုလ်တွင် စကားစမြည်ပြောရန် အဆင်ပြေလောက်သည့် သူငယ်ချင်းတစ်ယောက်တောင်မရှိပဲ အထီးကျန်လာသောကြောင့် စကားပြောဖော်တစ်ယောက်လောက်ရပါစေရန် စုံတွဲရှာပေးသည့် App ကို သုံးကာ သူငယ်ချင်းရှာမိခြင်းဖြစ်သည်။

သူ့အတွက် ဒီ App လည်ပတ်ပုံနှင့်တောင် အကျွမ်းတဝင်မရှိသေးပေ။ App က တောင်းဆိုသည့်အချက်အလက်များကိုဖြည့်ကာ စာရင်းသွင်းလိုက်သည်နှင့် App မှ သူနှင့်ကိုက်ညီမှုရှိနိုင်သည့် လူတစ်ချို့ကို စတင်ရှာဖွေပေးသည်။ Andrew ကို ထိုသူများထဲမှ ဖန်းကျိုးမူ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Andrew သည် ဖန်းကျိုးမူလိုပင် တရုတ်လူမျိုးဖြစ်ကာ အသက် နှစ်ဆယ့်ကိုးနှစ်အရွယ် စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်ကြောင်း သတင်းအချက်အလက်များက ဖော်ပြလျှက်ရှိသည်။ ဖန်းကျိုးမူ အသုံးပြုထားသော Selfie ပုံကဲ့သို့ပင် Andrew ၏ပုံကလည်း မျက်နှာကို မမြင်ရပေ။ Selfie ပုံထဲတွင် ရှပ်အင်္ကျီကို ကြယ်သီးမတပ်ထားပဲ ကျယ်ပြန့်သောရင်အုပ်မှစတင်ကာ အမြောင်းလိုက်ရှိနေသော ဗိုက်ကြွက်သားရှစ်မြောင်းကို တွေ့မြင်နိုင်သည်။ သို့သော်လည်း တစ်ဘက်သူကို ဖန်းကျိုးမူစိတ်ဝင်စားသွားသည့် အချက်က သူ့ထက် ရှစ်နှစ်ခန့်ကြီးသည့်အပြင် စက်မှုအင်ဂျင်နီယာဖြစ်နေသည်က အဓိကဖြစ်သည်။ App မှ တွဲပေးသည်ကို သူ လက်ခံပြီးသည်နှင့် Andrew မှ တုံ့ပြန်လာမည်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်နေလိုက်သည်။

ဖန်းကျိုးမူသည် ယခုနှစ်မှ T တက္ကသိုလ်သို့ ကျောင်းသားလဲလှယ်ရေးအစီအစဥ်နှင့် ရောက်လာသည့် ကျောင်းသားတစ်ယောက်ဖြစ်သည်။ နေရာအသစ်နှင့် သူစိမ်းများအလယ်တွင် သူ့အတွက်တော့ အရာအားလုံးက ခက်ခဲလို့နေသည်။

အစတွင် အရာအားလုံး ပုံမှန်ပဲလို့ ထင်နေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဖန်းကျိုးမူ သိလာရသည်မှာ သူတက်ရောက်နေသည့် Lab ခန်းမှ ကျောင်းသားများက သူ့ကို ဖယ်ကျဥ်နေကြကြောင်းကိုဖြစ်သည်။ သူ အရင်တုန်းကတက်ရောက်ခဲ့သည့် တက္ကသိုလ်တုန်းကတော့ လူမျိုးခြားများဖြစ်ကြကာ စကားတိုတိုပြတ်ပြတ်ပြောလေ့ရှိကြသည့်တိုင် ရင်းနှီးစွာ ဆက်ဆံလေ့ရှိကြသည်။ ဖန်းကျိုးမူ T city ကို ရောက်သည့်အချိန်တွင် အချိန်ကွာခြားချက်ကြောင့် အရင်နေရာမှ သူငယ်ချင်းများနှင့် စကားပြောဖို့ဆိုသည်က မလွယ်ကူတော့ချေ။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now