*ထမင်းဗန်းကြီးက ဘာလုပ်တာလဲ ပါးပါး*
ထမင်းနှင့်ဟင်းထည့်ထားသည့် ဗန်းကြီးကိုကိုင်ကာ ဟိုလူ၏ အခန်းထဲမှ ထွက်လာသော ပါးပါးကြောင့် ရိပေါ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
*မနက်က ပို့ထားတဲ့ ထမင်းနဲ့ဟင်းတွေလေ။ မစားပဲ ဒီတိုင်းထားထားတာတွေ့လို့ ညစာပို့ရင်း ပါးပါး သိမ်းလာတာ*
စားပွဲပေါ် ထမင်းဗန်းကြီးတင်ကာ ပါးပါးက ရိပေါ်ဘေး ဝင်ထိုင်လာလေသည်။ ရိပေါ် မျက်လုံးလေးပြူးသွားကာ
*အဲ့လူက ထမင်းမစားဘူးလား ပါးပါး..ဘာလို့တဲ့လဲ*
*အဲ့တာတော့ ပါးပါးလဲ မသိဘူး။ အဲ့ကလေးရဲ့သူငယ်ချင်းက အိမ်ငှားတုန်းက ထမင်းပါပို့ဖို့ပြောပြီး ထမင်းစားရိတ်ပါ ပေးခဲ့တာလေ..ပြီးတော့ သူ့သူငယ်ချင်းက စိတ်ဒဏ်ရာနဲ့မို့ ဂရုစိုက်ပေးပါလို့လဲ ခနခနမှာသွားသေးတာ*
ရိပေါ်၏ နှုတ်ခမ်းလုံးလုံးလေးက ရှေ့သို့ထော်ထွက်လာသည်။ ဘယ်လို ဒဏ်ရာများရှိလို့ ထမင်းတောင်မစားပဲ ကိုယ့်ကိုယ်ကို ညှဉ်းဆဲနေရတာလဲမသိ။
*သူက ထမင်းမစားတော့ မုန့်တွေဘာတွေစားတာလား ပါးပါး*
*ပါးပါး မြင်သမျှကတော့ မုန့်တွေဘာတွေမတွေ့ပါဘူးကွယ်။ အရက်တွေ၊ဆေးလိပ်တွေပဲ ရှိတယ်။ တစ်ခန်းလုံးလဲ ဆေးလိပ်နံ့တွေနဲ့ မွှန်ထူလို့..ကြာရင် အဲ့ကလေးရောဂါရရမှာတောင် ကြောက်ရတယ်ကွယ်*
သူ့အကြောင်းပြောနေသည့် ပါးပါးကလဲ မျက်နှာမကောင်း။ ရိပေါ်ရင်ထဲမှာလဲ သနားစိတ်လေးက တိုးဝင်လာသည်။ ကိုယ့်အိမ်ရောက်လာမှတော့ ကိုယ့်မိသားစုလိုပဲ သတ်မှတ်သင့်သည်လေ။
*သားနဲ့ဟိုတစ်နေ့က တွေ့တယ်..သားကစကားသွားပြောတာပါ။ ပြတင်းပေါက် အပြင်ဘက်ကနေလေ..အဲ့လူက သားကို သူနဲ့လာမပတ်နဲ့လို့ ယတိပြတ်ငြင်းလွှတ်လိုက်တာ*
*စိတ်ဒဏ်ရာရှိနေတဲ့ ကလေးဆိုတော့လဲ အခြားသူတွေနဲ့ ဘယ်ရောရောနှောနှောနေချင်ပါ့မလဲ သားရ။ အဲ့ကလေးပုံကြည့်ရတာတော့ လူရည်မွန်လေးပါပဲ။ ရုပ်သန့်သန့်လေးနဲ့ကွာ..ဘဝကို ဒီလိုကြီးနဲ့ပဲ အဆုံးသတ်သွားမှာတော့ နှမြောစရာပဲ*