ကိုကိုက ချောင်ချောင့်ဆီကို ဖုန်းလှမ်းဆက်ကာ အကျိုးအကြောင်းပြောပြထားလေသည်။ ဆေးခန်းမှာ လိုသမျှ ဆေးပစ္စည်းတွေကို ရှောင်းကျန့်ကို လှမ်းပြောဟုလည်း မှာထားရသေးသည်။
*နေရတာ အဆင်ရောပြေရဲ့လား ရိပေါ်*
မွေ့ယာပေါ်ထိုင်နေသည့် ရိပေါ်အနား လာကပ်ထိုင်ကာ ရှောင်းကျန့်က မေးလိုက်သည်။ ဒီနေ့ဆို ပါးပါးတို့ အိမ်ကို သူနဲ့ရိပေါ် ရွှေ့လာတာ ပထမဆုံးနေ့။
အခန်းသပ်သပ်ခွဲခိုင်းမနေပဲ ရိပေါ်နှင့် နှစ်ယောက်တစ်ခန်း နေလိုက်သည်။ အပေါ်ထပ်က ပါးပါးဘေးခန်းမှာပဲ နေရာယူလိုက်သည်က ပါးပါးကို သေချာ ဂရုစိုက်နိုင်ဖို့။
*ပြေပါတယ် ကိုကိုရဲ့။ ဒါနဲ့လေ ကိုကို*
*အင်း ပြောလေ*
ရိပေါ်က ပါးဖောင်းဖောင်းလေးကို လက်သည်းလေးဖြင့် အသာခြစ်ကာ ရှောင်းကျန့်ကို ပြီတီတီလေး ကြည့်လာလေသည်။ ဒီလိုလေး ပြန်မြင်ရဖို့ သူ ဘယ်လောက်တောင် ကြိုးစားထားရတာလဲ။
*ဟို..ဒီခြံထဲမှာလေ ကလို့ရလားဟင်။ ခြံကလေ ရှုခင်းတွေ အရမ်းလှတော့ ကရင်အရမ်းမိုက်မှာ။ ဝင်ဝင်ချင်းထဲက သတိထားမိနေတာ*
အက ဝါသနာအိုးဆိုတော့လဲ မြင်တာနဲ့ သူ လုပ်ချင်တာလေးပဲ သူသိသည်။ ရှောင်းကျန့် ခေါင်းညိမ့်ပြလိုက်သည်။ အခုအချိန်မှာ ရိပေါ်တစ်ခုခု လုပ်နေမှ ငူငူငိုင်ငိုင် ဖြစ်မနေမှာ။
မဟုတ်လျှင် ဦးလေးဝမ်ကိုပဲ သတိရနေပြီး တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်သည်။
*နောက်နေ့တွေ ခြံနောက်ဘက် လိုက်ပြမယ်။ အဲ့ဘက်က ပိုလှတယ်။ ကြိုက်တဲ့နေရာရွေးလေ..ကချင်လဲက မင်းသဘောကျတိုင်း လုပ်*
*ဟုတ်*
ရိပေါ် အခုမှ သတိရသည်က ကိုကိုလက်ဆောင်ပေးထားသည့် လက်တော့ပ်လေး ပါမလာခဲ့ပေ။ အခုနောက်ပိုင်း ဖုန်းကို သိပ်မသုံးဖြစ်တော့။
ရိပေါ် ဖုန်းလေးက ဈေးကြီးတန်မဟုတ်တော့ အများကြီးသုံးလိုက်တာနဲ့ စက်ကလေးသွားသည်။ ကိုကို လက်ဆောင်ပေးသည့် လက်တော့ပ်ထဲပဲ အားလုံးထည့်ထားခြင်းဖြစ်သည်။