Uni
~~ ၁ ~~
ကာကာတို့ အိမ်ဧည့်ခန်းမှာ ထိုင်နေတာ လူသုံးယောက် ။ တစ်ယောက်က မျက်နှာထားတည်တည် အသံစူးစူးဖြင့် စကားတွေ ပြောနေသည် ။ တစ်ယောက်က ညှိုးငယ်သောမျက်နှာထားဖြင့် ခေါင်းငုံ့ မျက်လွှာချထားရင်း သက်ပြင်းတွေ ခိုးခိုးချနေသည် ။ ကျန်တစ်ယောက်ကတော့ မတုန်မလှုပ် မျက်နှာထားဖြင့် ခပ်တည်တည်ထိုင်ပြီး သူ့ရှေ့တည့်တည့်က သက်ပြင်းခိုးချနေတဲ့ သူကို စူးစူးစိုက်စိုက်ကြည့်နေသည် ။
''မိကာ...ဒါညည်းအမေရဲ့ သူငယ်ချင်း ခင်ဇော်ပျိုတဲ့...´´
မေမေ့သူငယ်ချင်းဆိုတဲ့ စကားကြောင့် ဖျတ်ခနဲ မျက်လွှာပင့်အကြည့်မှာ နက်မှောင်သော မျက်ဝန်းအစုံနှင့် အကြည့်ခြင်း ထိပ်တိုက်တွေ့သည် ။ ကောင်းကင်ကျယ်ကြီးကို မော့ကြည့်ရင် ကြယ်ကလေးတွေကို မြင်သလို မျက်နှာပြင်ထက်က တခြားအစိပ်အပ်ိုင်းတွေထက် တလက်လက်တောက်ပနေတဲ့ မျက်ဝန်းနက်ကိုသာ မြင်သည်။ မျက်ဝန်းခြင်းတဒင်္ဂအဆုံမှာ ထိုအကြည့်တည်စူးစူးက စိတ်ကိုတုန်လှုပ်စေသည် ။ တဖက်သားစိတ်ကို လွှမ်းမိုးထိန်းချုပ် စေစားစေနိုင်မဲ့ အကြည့် ။ ကာကာ ကမန်းကတန်း မျက်လွှာပြန်ချလိုက်ရသည် ။ ရင်ထဲမှာ ကြောက်စိတ်ကသာ ကြီးစိုးလို့နေသည်။
'' သူက ညည်းကိုလာခေါ်တာတဲ့...ညည်းဘဝရှေ့ရေးကို သူဆက်ပြီးတော့ တာဝန်ယူလိမ့်မယ်...ညည်း သူနဲ့ လိုက်သွားပေတော့...´´
ဟင် ။အံ့သြထိတ်လန့်စိတ်နဲ့ ဦးခေါင်းကို ဆတ်ခနဲမော့လိုက်မိသည် ။သို့သော် ထိုခဏမှာ စိတ်ထဲ ဗလာကျင်းနေသည်။ အကြည့်ထဲဘာကိုမှ မမြင် ။ အဖြူရောင် ဟင်းလင်းပြင်ကြီးသာ ။ လူကတွယ်ရာမဲ့စွာ ထို ဟင်းလင်းပြင်ကြီးထဲ မျောနေသလိုလို။ မျော်လင့်မထားတာတွေ ထင်မထားတဲ့အချိန်မှာ ဖြစ်လာတတ်တာက ဘဝဘဲ သမီးရဲ့ ဆိုတဲ့ မေမေ့အသံကို ကာကာ့ဘေးနား ကပ်ပြီးပြောနေသလို ပြန်ကြားယောင်သည် ။ မျော်လင့်မထား တာတွေကလည်း ဆက်တိုက်ပါလား မေမေရေ ။
''ဟင့်အင်း...ကာကာ မလိုက်ချင်ဘူး ဖွား...´´
အရာမထင်မယ်မှန်း သိပေမဲ့ ငြင်းဆန်မိပြန်ပြီ။အသံက ကိုယ်တွင်းကမလာ ။ ဟိုးအဝေးကြီးက ပြေးလာသလိုလို။ သာမန်အချိန်ဆို ဒီအငြင်းစကားက ကာကာ့နုတ်က ထွက်လာမှာမဟုတ်တာ သေချာသည် ။ ကြောက်စိတ်က ငြင်းဆန်လိုအားကို ပံ့ပိုးပေးသည်လား ။ အမြဲကြားနေကျ ဒေါသသံစွက်နေတဲ့
အသံကျယ်ကျယ်က ဧည့်ခန်းထဲ စူးခနဲထွက်လာသည် ။
YOU ARE READING
မီးအိမ်ငယ်ရဲ့ အလင်းရှင်
Romanceမှောင်နေတဲ့ မီးအိမ်ကလေးကို သူမက အလင်းတွေ ထွန်းညှိပေးခဲ့တာ မီးအိမ်ရှင်ကလေး အမှောင်ထဲရောက်နေတဲ့အခါ မီးအိမ်ကလေးက လမ်းပြခေါ်ဆောင်ခွင့်ပြုပါ အလင်းမရှိတဲ့ မီးအိမ်နဲ့ မီးအိမ်မရှိတဲ့ အလင်းဟာ သီးခြားစီ ရပ်တည်ဖို့ ခက်ပါတယ် ခင်ဇော်ပျို သွန်းအလင်္က...