ချီဖန်း တစ်ချက်ပြုံးလိုက်ပြီး သိချင်နေတာကို ထျန်းရွှိုက်ကို တိုက်ရိုက်မေးလိုက်သည်။
“မေးစရာလေးရှိလို့။ ကိစ္စမရှိရင် ဖြေပေးလို့ ရမလား”
ထျန်းရွှိုက် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး“မေးတဲ့ မေးခွန်းအပေါ်မှာ မူတည်တယ်လေ”
“ရှင့်မှာ ချစ်သူရှိလား”
သူမရဲ့စကားပြောပုံနဲ့ မေးခွန်းကြောင့် ထျန်းရွှိုက် ပြုံးမိလိုက်သည်။
“မရှိဘူး”
“ဟုတ်ရဲ့လား”
“ကိုယ် လိမ်နေတယ်လို့ မင်းထင်လား”
“မသိဘူးလေ. ကျွန်မမှ ရှင့်အကြောင်း မသိတာ”
“မသိဘူးဆိုရင် ပြောတာနဲ့ ယုံသင့်တယ်မလား”
“မသိဘူးလေ. အခု ရှင်နဲ့ကျွန်မ စကားပြောနေတာကို မိန်းမတစ်ယောက်က စိမ်းစိမ်းဝါးဝါးကြီး ကြည့်နေတော့ ရှင့်ချစ်သူများလားလို့ပေါ့လေ. ကျွန်မ မှားသွားတာလား. အဟက်..”
ချီဖန်းက သူ့နောက်ကျောဘက်ကို မျက်ခုံးပင့်ပြလိုက်တော့ ထျန်းရွှိုက် နောက်လှည့်ကာ ကြည့်မိသည်။သို့သော် သူ ဘာကိုမှမတွေ့ရပေ။ သူ့ကို ပြုံးပြနေတဲ့ ကောင်မလေးတစ်ယောက်ကိုသာ တွေ့ရသည်။ သူ ဒီဘက်ကို ပြန်လှည့်လိုက်ပြီး
“ကိုယ် ဘယ်သူ့ကိုမှမတွေ့ပါဘူး”“လူဆိုတာ ဟန်ဆောင်ကောင်းရတယ်တဲ့။ ဒါမှ သူတို့လိုချင်တဲ့ ပန်းတိုင်ကို အရောက်မြန်လိမ့်မယ်။ ခွင့်ပြုပါဦး”
ပြောပြီးထွက်သွားသော ကောင်မလေးကို ကြည့်ရင်း ထျန်းရွှိုက် သူမပြောသွားတဲ့ စကားရဲ့အဓိပ္ပါယ်ကို ရှာဖွေကြည့်သည်။ ဒါပေမဲ့ သူ နားမလည်ပေ။
**
ချီဖန်း ထျန်းရွှိုက်နဲ့ စကားပြောနေရင်းနဲ့ ကျွင်းခွိုက်ကို တွေ့လိုက်တာကြောင့် စကားစဖြတ်ပြီး ထွက်လာလိုက်သည်။
“ကျွင်းခွိုက်!”
“ဖန်းလေး! မင်းလည်း လိုက်လာတာလား”
“အင်း. မားတို့က အတင်းခေါ်နေတာကြောင့် လိုက်လာခဲ့တာ”
“အင်း. ဖန်းလေး မင်း ဦးလေးတို့နဲ့ ဒီလိုပွဲတွေ များများလိုက်သင့်တယ်။ အရင်လို အိမ်မှာပဲ အမြဲမနေသင့်တော့ဘူး”