"ဘယ်.ဘယ်ရောက်ကုန်ကြတာလဲ?"
"ကိုယ့်နှာခေါင်းသွေးကို အရင်ပြန်သုတ်လိုက်ဦး"
သူပြောမှ ချီဖန်း လက်နဲ့စမ်းလိုက်တော့ သူမလက်ချောင်းတွေမှာ သွေးတွေပါလာသလို မြေပြင်ပေါ်မှာလည်း သွေးစက်တွေ…
ချီး. သေလိုက်ပါတော့…
"ဘယ်အကြောင်းတွေကို တွေးနေလို့ နေ့ခင်းကြောင်တောင်ကြီး ချောင်းပေါက်မတတ်နှာခေါင်းသွေးလျှံနေရတာလဲ?"
ပြောလည်းပြောရင်း ထိုအကောင်ပေါက်လေးက တစ်ရှူးထုတ်ကို ကမ်းပေးလာသည်။ ချီဖန်းလည်း တစ်ရှူးထုတ်ကို ယူကာ နှာခေါင်းသွေးတွေကို စင်အောင်သုတ်ပစ်လိုက်ရသည်။ ထိုခဏမှာ ကျောင်းခေါင်းလောင်းထိုးလိုက်သဖြင့် သူတို့နှစ်ယောက်လုံး အတန်းမတက်တော့ပေ။
ချီဖန်း ဒီနေ့ အတန်းမတက်တော့ဘူးဆိုပြီးကျွင်းခွိုက်ကို စာလှမ်းပို့လိုက်သည်။
"ဝင်ကူပေးလို့ ကျေးဇူး"
ဟို အကောင်စုတ်က အားနာပါးနာ ငြင်းမယ်မရှိဘူး မျက်ခုံးလေးတစ်ချက်ပင့်လိုက်ပြီး သူမရဲ့ကျေးဇူးတင်ခြင်းကို ဂုဏ်ယူစွာခံလိုက်ရသေးသည်။
ချီဖန်း သူ့ကို စိတ်ထဲကနေ မျက်စောင်းထိုးကာ လှည့်ထွက်မလို့ ပြင်လိုက်တော့
"ဘယ်သွားမလို့လဲ? ကျွန်တော်လည်း လိုက်မယ်လေ"
"မင်းက ဘယ်လိုက်မလို့လဲ?"
"ဟွန့်"
ခြေဆောင့်ပြီး ထွက်သွားသော အကောင်စုတ်.
ချီဖန်း - "???"
ချီဖန်း ကျောင်းနံရံကနေ ကျော်ကာ ထွက်လာခဲ့သည်။ ဘယ်ကိုသွားရမလဲ မတွေးတတ်တော့သဖြင့် အရင်တစ်ခါက ထျန်းရွှိုက်နဲ့အတူတူသွားခဲ့သော နေရာကိုသွားကာ စားသောက်ဖို့ စဉ်းစားလိုက်ပြီး ထိုနေရာသို့ ခြေဦးလှည့်လိုက်သည်။
ချီဖန်း အရှေ့ကနေ သွားနေပေမဲ့ အနောက်ကနေ တစ်ယောက်ယောက်လိုက်နေသလို မသိုးမသိပ်ကြီးခံစားနေရသည်။
ရုတ်တရက်အနောက်လှည့်ကြည့်လိုက်တော့လည်း ဘယ်သူ့ကိုမှမတွေ့ရပေ။ လမ်းကလည်း လူနည်းနည်းရှင်းနေတော့ ချီဖန်း တံတွေးမြိုချမိသည်။