“ဖန်းလေးရေ ငါစောင့်နေတာကြာပြီနော်”
“ပြီးပြီ..ပြီးပြီ”
ကျွင်းခွိုက်တစ်ယောက် ကျောင်းသွားဖို့အတွက် ချီဖန်းကိုလာစောင့်နေတာကြာပြီဖြစ်သည်။ သကောင့်သမီးကတော့ သူလာခေါ်မှ အိပ်ရာက နိုးလေသည်။
“ဖန်းလေးရေ…ငါ..”
ကျွင်းခွိုက် စကားတောင်မဆုံးသေး သူ့အရှေ့က တံခါးက ပွင့်လာပြီး အထဲကနေ စူပုတ်နေတဲ့အရုပ်နဲ့ ရွှေမင်းသမီးလေး ထွက်တော်မူလာလေသည်။
“အစုတ်ပလုပ်ကောင် နင် တော်တော်ကို နားပူတာပဲ”
“ပြန်ပြောမနေနဲ့ ကျောင်းနောက်ကျတော့မယ်။ လာ”
ကျွင်းခွိုက် ချီဖန်းလက်ကို ဆွဲကာ အောက်ထပ်သို့ ခေါ်ဆောင်သွားလေသည်။“မနက်စာကို ချိုင့်နဲ့ထည့်ပေးထားတယ်နော်။ မြန်မြန်သွားတော့ နောက်ကျလိမ့်မယ်”
“ဟုတ်”
ကားပေါ်ရောက်တော့ ချီဖန်းက ချိုင့်ကိုဖွင့်ကာ စားနေပြီဖြစ်သည်။ ကျွင်းခွိုက် သူ့ရှေ့မှာ ပလုတ်ပလောင်းစားနေတဲ့ ချီဖန်းကိုကြည့်ကာ တွေးနေမိသည်။ ဒီကောင်မလေး အရင်တစ်ပတ်ကတည်းက ထူးဆန်းနေလေသည်။ အရင်ကဆို ကျောင်းသွားဖို့အချိန်တိုင်း အဆင်သင့်ဖြစ်နေတတ်တဲ့ ကောင်မလေးက အခုဆိုရင် ကျောင်းသွားခါနီးအချိန်ထိတောင် အိပ်ရာက မနိုးသေးပေ။ ပြီးတော့ အရင်က တစ်ခုခုစားရင် သူ့ကို ခေါ်ကျွေးနေကြလေးက အခုကျတော့ အစားအသောက်မှန်သမျှကို တစ်ယောက်တည်း အကုန်စားတတ်နေပြီ။
ဟင်း…ဒီကလေးမ ကြီးလာပြီပဲ။
“ဖန်းလေး ငါ့နည်းနည်းကျွေးဦး”
ကျွင်းခွိုက် အသံကြားတော့ ချီဖန်း လှည့်ကြည့်လာသည်။
“နင်က စားပြီးပြီမဟုတ်လား”“ဘယ်ကလာ စားရမှာလဲ။ နင့်ကို နိုးတာတောင် ဘယ်လောက်ကြာတယ်မှတ်လို့”
“နင်ကလည်း တစ်ခါတလေလေး နိုးရတာကိုများ စကားလုပ်ပြောနေသေးတယ် ဟွန့်”
“ဘာလဲ မကျွေးချင်ဘူးလား”
“မဟုတ်ရပါဘူး အရှင့်သားတော်ရယ်.. ရော့.ရော့ စားစမ်းပါ”