ဇာတ်လိုက်ကို လုယူမယ် - 4
အခန်း - ၃
လက်ဆက်ပွဲအခမ်းအနား လုပ်ပြီးကတည်းက အခန်းထဲမှာ ထိုင်နေရတာ ရှင်းရှင်းတစ်ယောက် ညောင်းနေမှာပဲလို့ ထင်ရင် မှားသွားမှာပေါ့။
မင်္ဂလာအိပ်ခန်းထဲမှာရှိနေတဲ့ သတို့သမီးဟန်ရှင်းရှင်းတစ်ယောက် ကုတင်ခေါင်းရင်းကို မှီပြီးထိုင်ကာ ရှောင်ဖေး ပြနေတဲ့လေထဲက စခရင်မ်မှာလာနေတဲ့ bl series ကြည့်နေသည်။ စီးရီးထဲက မင်းသားနှစ်ယောက် နမ်းနေရာကနေ အဆင့်တက်တဲ့အခန်းကို ကြည့်နေတုန်း
/host host ဇာတ်လိုက်လာပြီ! ဇာတ်လိုက်လာပြီ!!/
ရှင်းရှင်း မင်္ဂလာဝတ်စုံကို ပြန်ပြင်ပြီး ခေါင်းက ပုဝါကို ပြန်အုပ်ချပြီး အိနြေ္ဒရရထိုင်နေလိုက်သည်။ ခဏနေတော့ တံခါးအဖွင့်အပိတ်လုပ်သံကို ကြားလိုက်ရသည်။ ပြီးတော့ သူမအနားကို တဖြည်းဖြည်းတိုးကပ်လာတဲ့ ခြေသံတွေ။
မကြာခင်မှာပဲ သူမမျက်နှာကို ဖုံးထားတဲ့ ပုဝါကို ဖယ်ရှားခြင်းခံလိုက်ရသည်။ သူမအာရုံမှာပေါ်လာတဲ့ အေးစက်စက်မျက်နှာက သူမကို တည့်တည့်စိုက်ကြည့်နေသည်။ ဖီးနစ်မျက်လုံးတွေနဲ့ ထိုလူက အရမ်းခန့်ညားပြီး ကြည့်ကောင်းတယ်ဆိုပေမဲ့ အကြည့်တွေက အေးစက်ကာ နွေးထွေးမှုလုံးဝမရှိ။
ရှင်းရှင်းလည်း ပြန်စိုက်ကြည့်ပေးလိုက်သည်။
"ဟမ့်"
အိမ်ရှေ့စံက သူမ ပြန်စိုက်ကြည့်တာကို မကြိုက်သည့်အလား ဝတ်ရုံလက်ကိုခါကာ လှည့်သွားပြီး စားပွဲမှာထိုင်လိုက်သည်။ ရှင်းရှင်းလည်း မင်္ဂလာဝတ်ရုံကို မကာ ကုတင်ကနေ ထသွားပြီး အိမ်ရှေ့စံနဲ့မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်လိုက်သည်။
ပြီးတော့ စားပွဲပေါ်မှာတင်ထားတဲ့ အရက်နှစ်ခွက်ကို ကောက်ကိုင်ပြီး အိမ်ရှေ့စံလက်ထဲကို တစ်ခွက်ထိုးထည့်လိုက်ပြီး သူမက တစ်ခွက်သောက်လိုက်သည်။ ထို့နောက် လက်ထဲက ခွက်ကို စားပွဲပေါ် အသံမြည်အောင်ချလိုက်သည်။ အိမ်ရှေ့စံကတော့ သူမကို မျက်မှောင်ကျုံ့ကာကြည့်နေသည်။
"အဟမ်း အရှင်မင်းသားကို ကျွန်တော်မျိုးမ တောင်းဆိုစရာရှိပါတယ်"