မနက်စောစော မနက်စာစားပြီးတာနဲ့တင် ရှေ့နေတွေရောက်လာသည်။ သူမဘာမှအတွန့်မတက်တော့ပဲ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးကာ အလုပ်သို့ထွက်လာလိုက်သည်။
အနောက်မှာဘာဖြစ်နေလဲ သူမဂရုမစိုက်။
အလုပ်ရောက်တော့ သူမနေရာသို့သွားထိုင်လိုက်သည်။ အလုပ်ပျက်ရက်များသဖြင့် ကိစ္စတွေက တောင်ပုံရာပုံ ပုံနေသည်။ ဘာအရေးလဲ? သူမတတ်မြောက်ထားသည့် အရည်အချင်းတွေထုတ်ပြလိုက်ရတာပေါ့။
ဘယ်သူ့ကိုမှ စကားမပြောပဲ ထိုင်ပြီး အလုပ်လုပ်လိုက်တာ ထမင်းစားချိန်ရောက်တာတောင် မသိလိုက်ပေ။လုပ်ဖော်ကိုင်ဖက်တွေကတော့ သူမကို အနည်းငယ်ထူးဆန်းသလို ကြည့်ပေမဲ့ ပြန်ပြီး သူတို့အလုပ်သူတို့လုပ်နေကြသည်။ အလုပ်တွေ အကုန်ပြီးတော့ ညနေ2နာရီခွဲနေပြီ။
သူမအကုန်လုံးကို လက်စသတ်ပြီးတော့ ရုံးစောစောဆင်းရန်ခွင့်တောင်းဖို့ ကျင်းဇီယွမ်အခန်းသို့ သွားလိုက်သည်။
သူမတံခါးဖွင့်ပြီးဝင်လိုက်တော့ အထဲမှာ ကျင်းဇီယွမ်နဲ့အတူ နောက်ထပ် ယောကျာ်းနှစ်ယောက်ပါ ရှိနေသည်။ရှင်းရှင်းတစ်ချက်သာ ဝေ့ကြည့်လိုက်ပေမဲ့ ထိုအမျိုးကောင်းသားလေးတွေက တော်တော်ကို ခန့်ညားတည်ကြည်ပြီး ချောမောလှပမှန်း သိလိုက်သည်။ အထူးသဖြင့် ခြေချိတ်ထိုင်နေသော တစ်ယောက်. သူ့ဆီကနေ ဇာတ်လိုက်ဆိုသော အရောင်အဝါတွေက ဖြာထွက်နေသည်။
သူမဝင်လာတာ အချိန်မမှန်မှန်းသိသွားပြီး ပြန်ထွက်ဖို့ပြင်တော့ ကျင်းဇီယွမ်က သူမကို ခေါ်သည်။“ရှင်းရှင်း ဒီကိုလာခဲ့”
ရှင်းရှင်း သူ့ဆီလျှောက်သွားကာ သူ့ဘေးနားမှာ ခပ်ခွာခွာထိုင်လိုက်သည်။ ထိုအမူအရာကို မြင်တော့ ဇာတ်လိုက်က နှာခေါင်းရှုံ့လေသည်။ သူထင်တာက ဒီမိန်းမက သူ့ကိုဆွဲဆောင်ဖို့အတွက် သူ့ယောကျာ်းနဲ့ ပူးပူးကပ်ကပ်မထိုင်တာ ဟူ၍ပင်။ ဘာကြောင့်ဆို သူ့ကိုဆို ပျိုပျိုအိုအိုတွေက လိုချင်လှသည်လေ။
ဒီတော့ ရှင်းရှင်းကိုလည်း သူက ဒီအတိုင်းထင်လိုက်တာပင်။
ကျင်းဇီယွမ်ကတော့ ညက သူမပြောခဲ့သော စကားကိုပြန်ကြားယောင်ကာ ဘာမှမပြောပေ။