ညနေကျတော့ ရှင်းရှင်း စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် စီအီးအို အခန်းထဲသို့ရောက်လာခဲ့သည်။ သို့သော် ထိုလူက အထဲမှာ မရှိတာကြောင့် သူမထိုင်စောင့်နေရသည်မှာ အခုဆို မိနစ်သုံးဆယ်လောက်ပင် ရှိပေတော့မည်။
ရှင်းရှင်း စောင့်ရတာ စိတ်မရှည်စွာကြောင့် ထပြန်တော့မှ အပြင်ကပြန်လာသော သူ့နဲ့တံခါးဝမှာတင် ဆုံလိုက်သည်။
“ဘယ်သွားမလို့လဲ”
“ပြန်တော့မလို့”
“ဘာလို့လဲ”
“အချိန်ကိုကြည့်လေ ကျွန်မစောင့်နေတာကြာပြီ။ အချိန်ကိုလေးစားရကောင်းမှန်းမသိဘူးလား။ ဒါများ ဘယ်လိုလုပ် စီးပွါးရေးလုပ်နေသေးတာလဲ”
နောက်ဆုံးစကားကို လေသံတိုးတိုးလေးနဲ့ပြောလိုက်သော်လည်း လုချောင်ကျိုး ကောင်းကောင်းကြားလိုက်ရလေသည်။
“တောင်းပန်ပါတယ်။ ကိုယ်က HKကုမ္ပဏီက သူဋ္ဌေးကိုသွားကြိုနေရလို့ပါ”“ကြို ကြိုပေါ့”
လုချောင်ကျိုး ပြုံးလိုက်သည်။ အရွဲ့တိုက်နေသော သူမပုံလေးက အသည်းယားစရာကောင်းနေသည်။
“ဟိုင်း. နောက်ကျသွားတဲ့အတွက် ဆောရီးပါ”
အသံကြားရာသို့လှည့်ကြည့်လိုက်တော့ လုကျန်းချန်ဖြစ်နေသည်။
“ဟင်. သူက?”
“သူက HRကုမ္ပဏီက စီအီးအိုလေ။ ကိုယ့်ညီဆိုလည်း မမှားပါဘူး”
“သြော်…”
“လာပါ စာချုပ်ချုပ်ကြရအောင်”
သူတို့ စာချုပ်ချုပ်ပြီးနောက် ကိုယ်စီအိမ်သို့ ပြန်လာခဲ့သည်။
အိမ်ပြန်လမ်းတစ်လျှောက်လုံး ရှင်းရှင်း လုကျန်းချန်ရဲ့စကားကြောင့် ရှောင်ဖေးလေးကို စိုက်ကြည့်နေလေသည်။ ကြာတော့ ရှောင်ဖေးလည်း ရှင်းရှင်းရဲ့အကြည့်တွေကို ရိပ်စားမိလာတာကြောင့်
“မမ ကျွန်တော့်ကို ဘာလို့ အဲလောက်တောင်ကြည့်နေရတာလဲ။ ပြောစရာရှိလို့လား”“ရှောင်ဖေးလေး. မင်းက ကိုယ့်ဘာသာကိုယ်လူဖြစ်လာတာလား ငါ့လိုပဲ သူများကိုယ်ထဲဝင်နေတာလား”