ခဏကြာတော့ ဖူလင်းလျန့် ကျောင်းအုပ်ကြီးရုံးခန်းထဲကနေ ပြန်ထွက်လာသည်။ အတန်းထဲကလူတွေက သူမတို့ကို အတွဲလို့ ထင်နေတာတွေ့တော့ သူမမျက်နှာမှာ အပြုံးကြီးကြီးတစ်ခု ပေါ်လာလေသည်။ သူမ အတန်းထဲဝင်လာတော့ ကောင်မလေးတစ်ယောက်က စမေးလိုက်သည်။
“ဖူလင်းလျန့် နင်နဲ့သခင်လေးထျန်းနဲ့က သိကြတာလား”
ဖူလင်းလျန့် ခေါင်းညိမ့်ပြလိုက်သည်။ နောက်တစ်ယောက်ကလည်း သိချင်စိတ်နဲ့ မေးလာလေသည်။
“နင်တို့နှစ်ယောက်က ဘာတွေလဲဟင်”
ထိုစကားကြားလိုက်ရတော့ ဖူလင်းလျန့် မျက်နှာနီရဲလာကာ ရှက်နေဟန်ဖြစ်လာသည်။
“ဘာတွေဆိုတာ နင်က ဘာကို ဆိုလိုတာလဲ”
“ဝိုး…လင်းလျန့် နင့်မျက်နှာကြီး နီရဲနေတာပဲ။ ဒါဆို ငါတို့ထင်တာ မှန်တယ်မလားဟင်။ နင်တို့က ရည်းစားတွေမဟုတ်လား”
ဖူလင်းလျန့်မျက်နှာမှာ ရှက်ပြုံးတစ်ခု ပေါ်လာလေသည်။ သူမ လည်း ဒီလိုဖြစ်ချင်နေသည် မဟုတ်ပါလား။ ဖူလင်းလျန့် မမေ့မလျော့ စုန့်ချီဖန်း မျက်နှာကို ကြည့်လိုက်သေးသည်။
တစ်ဖက်က ချီဖန်းနဲ့ ကျွင်းခွိုက်တို့ကတော့ ပြဇာတ်တစ်ပုဒ်ကိုကြည့်နေသလို ဖူလင်းလျန့်ကို ကြည့်နေလေသည်။
ကောင်မလေးတွေက ဖူလင်းလျန့်ကို ထျန်းရွှိုက်နဲ့ဘယ်လိုတွေ့တယ်။ သူက ဘယ်လိုဖွင့်ပြေတယ် ဘာဖြစ်တယ် ညာဖြစ်တယ်တွေ မေးနေကာ ဖူလင်းလျန့်ကလည်း စိတ်ကူးထဲကအတိုင်း မဟုတ်တရုတ်တွေ လျှောက်ဖြေနေသည်။
ထိုတစ်လျှောက်လုံး ချီဖန်းကတော့ ထျန်းရွှိုက်ရဲ့အာရုံစိုက်မှုကိုလည်းရ ဖူလင်းလျန့်ကိုလည်းမျက်နှာပျက်အောင် လုပ်မည့် အစီအစဉ်ကို တွေးနေလေသည်။
ထျန်းရွှိုက် သူ့လက်ထောက်နဲ့ ကျောင်းအုပ်ကြီးအခန်းထဲက ထွက်လာတာမြင်တော့ ချီဖန်းပြုံးလိုက်ကာ ကျွင်းခွိုက်ဘက်ကို လှည့်လိုက်သည်။
“ကျွင်းခွိုက် ငါ ဗိုက်အောင့်တယ်”
တခြားကို အာရုံရောက်နေသော ကျွင်းခွိုက် ချီဖန်းရဲ့ဖြူဖျော့နေတဲ့ မျက်နှာကိုမြင်တော့ စိုးရိမ်သွားသည်။