၅။ ဝက်တွေ လွတ်ကုန်ပြီ (Sharr, NC)
လျူရှီ တစ်ပတ်လောက် အိပ်ရာထဲ လဲနေခဲ့သည်။ ထိုတစ်ပတ်အတွင်းတွင် ကျောက်လန်ရှို့ သူမကို ဆူပူကြိမ်းမောင်းနေသော်လည်း လီဝေယန်းစနက်မှန်း မည်သူမျှမသိကြ။ ရလဒ်အနေနှင့် ဤခုနစ်ရက်လုံး အေးအေးဆေးနေရခြင်းပင်။ မာရှီတို့လင်မယားကြောင့် သူမ ဗိုက်ပြည့်အောင် စားသောက်ရသည်။
လီဝေယန်း အဝတ်လျှော်ပြီးသွားသည်ကို ကြည့်ပြီး ကျောက်လန်ရှို့သည် ဝက်စာအပြည့်ပါသောပုံးကိုကိုင်ကာ လျှောက်လာခဲ့လေသည်။ "ဝက်တွေကို အစာသွားကျွေးချေ..."
ကျေးလက်တောရွာတို့တွင် ဝက်စာကျွေးခြင်းမှာ အရေးကြီးသောအလုပ်တစ်ခုဖြစ်လေသည်။ ပုံမှန်အားဖြင့် လျူရှီသည် ဤအလုပ်ကို ကျောက်လန်ရှို့မှတစ်ပါး အခြားမည်သူ့ကိုမျှ မခိုင်းပေ။ လျူရှီ လတ်တလော ဂရုမစိုက်နိုင်သဖြင့် ကျောက်လန်ရှို့က ဤတာဝန်ကို ဝေယန်းအပေါ် ပုံချလိုက်ခြင်းဖြစ်၏။ လီဝေယန်း နှစ်လိုဖွယ် ပြုံးပြလိုက်ပြီး အဖြေပြန်ပေးလိုက်သည်။
"ဟုတ်ကဲ့ မမလန်ရှို့"
ဝမ်းမြောက်ဝမ်းသာအမူအရာမျိုးဖြင့် လီဝေယန်းသည် ဝက်စာပုံးကို ယူလိုက်ပြီး ဝက်ခြံသို့ သယ်သွားတော့သည်။ ကျောက်မျိုးနွယ်အိမ်၌ စုစုပေါင်း ဝက်ရှစ်ကောင်ရှိသည်။ လီဝေယန်း သွားများ ပေါ်အောင် ပြုံးလိုက်ပြီး ဝက်အုပ်ကိုကြည့်လိုက်၏။ သူမ သေချာစဉ်းစားပြီးနောက် ဝက်စာအနည်းငယ်လောက်ကို ကော်ယူလိုက်ကာ ဝက်စာခွက်ထဲ ပစ်ထည့်လိုက်သည်။ ဝက်များသည် အစာရှိရာသို့ ချက်ချင်းဝရုန်းသုန်းကား ရောက်လာကြပြီး အချင်းချင်းတိုးဝှေ့နေကြလေသည်။ လီဝေယန်း ဝက်အချင်းချင်း အစာစားရဖို့တွန်းထိုးနေသည်ကို ကြည့်ရင်း စိတ်ဝင်စားစရာကောင်းမည့် အကြံတစ်ခု ပေါ်လာလေသည်။ သူမ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝက်ခြံပေါ် ဝက်စာပုံးတင်လိုက်ပြီး ခြံတံခါးဖွင့်ကာ ဝက်တို့ကို လွှတ်ပေးလိုက်တော့သည်။ အချိန်အကြာကြီး ပိတ်လှောင်ထားခံရသည့် ဝက်ရှစ်ကောင်မှာ ရုတ်တရက် လွတ်လပ်သွားတော့ အလင်းအလျင်လို အပြင်သို့ ပြေးထွက်သွားလေတော့၏။
YOU ARE READING
အဆိပ်/လီဝေယန်း
Historical FictionCollaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ်နေခဲ့သည်။ သူမအား ဧကရီမိဖုရားခေါင်ကြီးအဖြစ်မှ နန်းချ၍ သူမသားတော်အား သေစေခဲ့သည်။ ထိုအအေးတိုက်ပိတ်နန်းဆောင်အတွင်း သူမအား အဆိပ်သေရည်တိုက်ကျွေးခ...