၄၀။ လက်ဆောင်ပြန်ပေးခြင်း နောက်ကွယ်က မုန်တိုင်း

1.7K 347 11
                                    

၄၀။ လက်ဆောင်ပြန်ပေးခြင်း နောက်ကွယ်က မုန်တိုင်း (Nc)

ဇီယန် အမှန်တကယ်ပင် နေ့နေ့ညည ကြိုးစားအားထုတ်ခဲ့သဖြင့် ထူးခြားစွာ ပန်းထိုးပုံဖော်ထားသော လက်ပွေ့အိတ်ကလေးတစ်အိတ်ကို များမကြာမီပင် အပြီးသတ်ထိုးချုပ်နိုင်ခဲ့ပြီး သခင်လေး၏ ရှို့ကျူးယွမ်သို့ ပေးပို့နိုင်ခဲ့လေသည်။

လီဝေယန်း စဉ်ဆက်မပြတ်စောင့်ကြည့်နေသော်လည်း ဘာမှ မသိသကဲ့သို့ ဟန်ဆောင်နေသည်။ လူရှေ့သူရှေ့တွင်လည်း ဤအကြောင်းကို မပြော။ သိပ်မကြာပါချေ၊ လီဝေယန်းသည် လက်ပွေ့အိတ်ပေးလျှင် အလေးအနက်မရှိဟု အကြောင်းပြကာ ကျောက်စိမ်းသား မှင်သွေးကျောက်ပြင်ကို လက်ဆောင်ပို့လိုက်သည်။ ဇီယန်ကတော့ ထိုသို့ လက်ဆောင်ထပ်ပို့လိုက်သည်ကို မသိလိုက်၊ သူမ တာ့ရှောင်ရန်ကို ထပ်တွေ့ခွင့်ရသဖြင့်သာ ကြည်နူးပျော်မြူးနေလေသည်။

နွေဦးပွဲတော်က ချဉ်းကပ်လာပြီမို့၊ သခင်များ၏ စိတ်အခြေအနေလည်း ကြည်သာနေသည်။ အစေခံများ၊ မားမားများလည်း သခင်များထံမှ ဆုကြေးကလေးများ ရလို ရငြား ပို၍ အလုပ်ကြိုးစားနေကြတော့သည်။

ယနေ့တော့ လောင်ဖူးရန်အနား ခစားသော လော့မားမားက အထမ်းသမားတစ်ယောက်ကို ကိုယ်တိုင်ဦးဆောင်ခေါ်လာလေသည်။ "စန်းရှောင့်ကျဲ... လောင်ဖူးရန် ဒီနေ့ သိုလှောင်ရုံဖွင့်ပြီး သိမ်းထားတဲ့ ပိတ်တွေကို သခင်မလေးတွေ အထည်ချုပ်ရအောင် ထုတ်ပေးခိုင်းလိုက်ပါတယ်"

လီဝေယန်း ပြုံးကာ ဆိုလိုက်သည်။ "ကျွန်မမှာ အရင်တစ်ခေါက် တာ့ကော ပေးထားတဲ့ အစတွေတောင် ရှိသေးတယ်"

လော့မားမား ရယ်ကာမောကာ ပြောလိုက်သည်။ "အဲ့တုန်းက ပိတ် လေးအုပ်တည်း ရခဲ့တာလေ... ဝတ်စုံနှစ်ထည်ပဲ ချုပ်လို့ရလိမ့်မယ်၊ ဒီတစ်ခေါက် လောင်ဖူးရန်က သခင်မလေးတစ်ယောက်ကို ၁၆ ထည်စာ ချုပ်လောက်အောင် ပေးလိုက်တာ... စန်းရှောင့်ကျဲ ငြင်းစရာမလိုပါဘူး... ရွေးသာ ရွေးလိုက်ပါ"

ပြောပြောဆိုဆို သူမက အထည်သေတ္တာကို ယူလာဖွင့်ပြရန် အမိန့်ပေးလိုက်သည်။ သေတ္တာတွင်းမှာတော့ ပိုးဖဲအထည်စုံ၊ ဘရိုကိတ်အစုံအလင်နှင့်၊ လီမင်ဖုန်း ယူလာခဲ့သော ပိတ်များကို ယှဉ်မရသော်လည်း ထိပ်တန်းအကောင်းစားတော့ ဖြစ်လေသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now