၁၆။ အညှာအတာမရှိ၊ နှလုံးသား မရှိ

1.8K 362 30
                                    

၁၆။ အညှာအတာမရှိ၊ နှလုံးသား မရှိ (Nc)

ဆုံးဖြတ်ချက်ချပြီးသည်နှင့် လီဝေယန်းသည် မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုနှင့် တွန့်ဆုတ်တွေဝေမှုတို့ လွန်ဆွဲနေသော အမူအယာကို ပြသလာလေသည်။ သူမ  တမင်တကာပင် ထစ်အ ပြောဆိုလိုက်တော့သည်။ "ချီယိညန်... ချီယိညန်... သူ ဘာဖြစ်လို့လဲဟင်"

ဟွားမေသည် လီဝေယန်း သိလိုစိတ်ပြင်းပြလာသည်ကို သတိထားမိကာ အမြန်ချက်ချင်းပြန်ဖြေပေးလိုက်သည်။ "စန်းရှောင့်ကျဲ၊ ချီယိညန်ရဲ့ ရောဂါက ဆောင်းဥတုဝင်လာပြီဆိုရင် ပိုပို အခြေအနေဆိုးလာတတ်ပါတယ်၊ ဒီနှစ်ကိုတော့ သူ ကျော်နိုင်ပါတော့မလား စိုးရွံ့မိပါတယ်. . ." ဟွားမေက ပြောနေရင်း လီဝေယန်း မျက်နှာအမူအရာကို တစ်ချက်ကလေးမှ မလစ်ဟင်းရအောင် အကဲခတ်နေခဲ့လေသည်။ 

လီဝေယန်း မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ညှိုးငယ်သော အသွင်က အစားထိုးဝင်လာလေသည်။
"ချီယိညန်က တို့ရဲ့ မွေးမိခင်ရင်းပဲ၊ ဒါပေမဲ့ တို့တတ်နိုင်တာဆိုလို့ သူ ဝေဒနာခံစားနေရတာတွေကို ကြည့်နေရုံသာရှိတယ်. . ." 

ဟွားမေက အကြံပေးသည်။ "အခု စန်းရှောင်ကျဲ ချောင်လည်လာပြီပဲ၊ ချီယိညန်ကို ကူညီမပေးသင့်ဘူးလား၊ အနည်းဆုံးတော့ မမလေး သူ့ဆီကို သွားကြည့် ပြုစုပေးလို့ရတာပဲ"

လီဝေယန်း မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။ "ဒါပေမဲ့ အခုချိန်မှာ ချီယိညန်က ရောဂါ သည်းနေတာလေ၊ အိမ်က လူတွေ ရောဂါ ကူးစက်ခံရမှာစိုးလို့ တစ်ယောက်မှ သူ့ဆီအလည်မသွားရဘူးလို့ အဖေက အမိန့်ထုတ်ထားတာ ကြားမိတယ်"

ဟွားမေက ပြုံးကာ ဆိုတော့သည်။ "စန်းရှောင်ကျဲ ညဘက်ခိုးထွက်ပြီး သူ့ဆီ အလည်သွားလို့ရတာပဲ မဟုတ်လား၊ ကျွန်မ မမလေးကို ကင်းစောင့်ပေးနေမယ်လေ၊ တကယ်လို့ အဲ့ဒီနားမှာတစ်ယောက်ယောက်လာနေတာ တွေ့ရင် ကျွန်မ ချက်ချင်း အချက်ပေးလိုက်မယ်၊ အဲ့ဒါဆို ဘယ်သူမှ သိမှာမဟုတ်ဘူးပေါ့"

လီဝေယန်းသည် တွန့်ဆုတ်နေသယောင် ဆက်ဟန်ဆောင်နေလိုက်သည်။ "ဒါပေမဲ့ တို့ စည်းကမ်းဖောက်တာ အဖေသိသွားရင် သူ အရမ်းစိတ်ဆိုးသွားမှာနော်"

အဆိပ်/လီဝေယန်းWhere stories live. Discover now