၂၆။ မရှုနိုင်မကယ်နိုင်ဖြစ်အောင်လုပ်သည် (Sharr)
လောင်ဖူးရန်နှစ်သက်သောကြက်တူရွေးလေးကတော့ ကြောင်စားတာခံလိုက်ရလေပြီ။
ဤသည်မှာ အမတ်ချုပ်ကြီးအိမ်တော်တွင်တော့ ကိစ္စကြီးတစ်ခုဖြစ်လာသည်။ တာ့ဖူးရန်လည်း ဟော်ရှမ်းယွမ်သို့ ရောက်လာသည်။ လောင်ဖူးရန် စိတ်ဆိုးဒေါသထွက်နေချိန်တွင် သူမ၏အဖိုးတန် ကံကောင်းစေသောကြောင်ကို ပွေ့ကာ လီချန်းလဲ့သည် ခြံဝင်းအတွင်း ဝင်ရောက်လာသည်။
"ဘယ်လိုလုပ် အရိုင်းအစိုင်းတိရိစ္ဆာန်ကောင်ကို ဒီနေရာကို ယူလာရဲတာလဲ ဟမ်"
လီချန်းလဲ့ အံ့အားသင့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် အားလုံးကို ကြည့်နေမိသည်။ အားလုံး ပင့်သက်ရှိုက်မိသော်လည်း စကားတစ်လုံးမှ မဆိုဝံ့ချေ။
လောင်ဖူးရန်၏ ဆူငေါက်သံကို ကြား၍ တာ့ဖူးရန် ချောင်းနှစ်ချက်ဆိုးလိုက်၏။ "လောင်ဖူးရန်... ချန်းလဲ့ရဲ့ကြောင်က ဖူးရန်ရဲ့ကြက်တူရွေးကို မစားတာလည်း ဖြစ်နိုင်တာပဲ၊ တစ်ခြားကြောင်ရိုင်းတစ်ကောင်ကောင် ဖြစ်နိုင်..."
"ကြောင်ရိုင်း? ကြောင်ရိုင်းက ဘယ်ကထွက်လာမှာလဲ၊ အဲ့ကြောင်ရိုင်းကို သွားဖမ်းပြီး ငါ့ဆီကို ယူလာစမ်းပါ" လောင်ဖူးရန်၏အမူအရာမှာ ရေခဲတမျှ အေးစက်နေပေသည်။ စကားကောင်းကောင်း မပြောနိုင်လောက်အောင် သူမ ဒေါသတအားထွက်နေသည်။
လောင်ဖူးရန် ဒီလောက်ထိဒေါသထွက်တာမျိုး တာ့ဖူးရန်မကြုံဖူးသဖြင့် သူမ ဘာမှထပ်မပြောရဲတော့။
လီချန်းလဲ့ ကြောင်ကို မြန်မြန်လွှတ်ပေးလိုက်ပြီး ရှေ့သို့ လမ်းလျှောက်လာလိုက်သည်။ "လောင်ဖူးရန်...တာ့ကော(အစ်ကိုကြီး) လက်ဆောင်ပေးလိုက်တဲ့ ဒီကံကောင်းစေတဲ့ကြောင်က ရှားပါးရတနာတစ်ပါးပါ၊ နာခံတတ်ရုံတင်မကဘူး၊ ကြောက်လည်း ကြောက်တတ်သေးတယ်၊ သေချာပေါက် ဒါမျိုးလုပ်မှာ မဟုတ်လောက်---"
သူမစကားမဆုံးသေးခင် လောင်ဖူးရန် ဒေါသတကြီး ဖြတ်ပြောလာသည်။ "မနက်ကတည်းက အဲ့သတ္တဝါ ငါ့ကြက်တူရွေးကို အငမ်းမရစားချင်နေတာ၊ ငါ ဘာမှမပြောခဲ့ဘူး၊ ညည်းအခုပြောလိုက်တာ နာခံပြီး ကြောက်တတ်တယ်တဲ့လား၊ ငါ့ကြက်တူရွေး အန္တရာယ်မရှိအောင် အိမ်တော်မှာ အရိုင်းအစိုင်းအိမ်မွေးတိရိစ္ဆာန်တွေကို မမွေးရဘူးလို့ ငါ အစတည်းက ပြောခဲ့ပြီးသား၊ ဒါကိုတောင် ညည်းက ရှေ့ဆက်တိုးပြီး ဒီသတ္တဝါကို မွေးဝံ့တယ်၊ ညည်း ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေတာပဲ၊ ညည်းမေးမေး(ညီမ)ရဲ့ပိုးထည်တွေလည်း ဒီကြောင်ကြောင့် ပျက်စီးကုန်ပြီ၊ သူ့ခမျာ ဝတ်တောင်မဝတ်ကြည့်ရသေးဘူး၊ ညည်း ဘယ်လိုပြန်ဖာထေးပေးမလဲဆိုတာ ငါ့ကို ပြောစမ်း"
YOU ARE READING
အဆိပ်/လီဝေယန်း
Historical FictionCollaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ်နေခဲ့သည်။ သူမအား ဧကရီမိဖုရားခေါင်ကြီးအဖြစ်မှ နန်းချ၍ သူမသားတော်အား သေစေခဲ့သည်။ ထိုအအေးတိုက်ပိတ်နန်းဆောင်အတွင်း သူမအား အဆိပ်သေရည်တိုက်ကျွေးခ...