ရက်တွေလတွေကုန်ဆုံးခဲ့ပြီးနောက်မှာ ပီပီလုံးရဲ့အသက်ဟာလည်း
ဆယ်နှစ်အရွယ်ကိုရောက်လာခဲ့ပြီ။ကိုကို့ကို ဂျီကျတတ်တဲ့ ငါးနှစ်သားအရွယ်
ပီပီလုံး မဟုတ်တော့ဘဲ စိတ်ဆိုးစိတ်ကောက်တတ်တဲ့ ကောင်ငယ်လေးအရွယ်ကိုရောက်ရှိလာခဲ့ပြီ။စာဖတ်ရတာနဲ့ စာရေးရတာကို ဝါသနာပါတဲ့
ပီပီလုံးဟာ ပါဝါအများအပြားပါတဲ့ မျက်မှန်ဝိုင်းလေးကိုတပ်နေရပြီဖြစ်သည်။ညနေစောင်းတွေဆို ခြံထဲက ကျောမှီထိုင်ခုံလေးမှာထိုင်ပြီး စာအုပ်ဖတ်နေတတ်တဲ့ ပီပီလုံးဆိုတဲ့
ကောင်ငယ်လေးကို အမြဲတွေ့ကြရမည်။အရာရာ
ပြောင်းလဲသွားတဲ့ကောင်ငယ်လေးဟာ အရင်လို
ပေါက်ကရတွေမလုပ်တော့ဘဲ တည်ငြိမ်အေးချမ်းတဲ့ အသွင်ကို ဆောင်နေခဲ့သည်။ပြောင်းလဲသွားတဲ့ အရာတွေထဲမှာ "ကိုကို" လည်းပါသည်။ဆယ့်ရှစ်နှစ်အရွယ် ကိုကိုဟာ အရင်လို
ပီပီလုံးအပေါ်ဂရုစိုက်တာကလွဲလို့ အရာရာပြောင်းလဲသွားခဲ့သည်။ရင်အုပ်ကျယ်ကျယ်တွေနဲ့ညိုစိမ့်စိမ့်အသားရောင်ဟာ ကိုကိုနဲ့အစပ်အဟပ်တည့်နေတဲ့ ဖြစ်တည်မှုတစ်ခုလိုမျိုး။အရပ်တွေအများကြီးရှည်လာတဲ့ ကိုကိုဟာ အားကစားလည်းလိုက်စားပါသေးတယ်။မနက်ခင်းတိုင်း ရပ်ကွက်တစ်ပတ်ပြေးတဲ့ကိုကိုဟာ ပီပီအိပ်ရာထချိန်နဲ့ကွက်တိဆို သူ့ရဲ့အိမ်ကို ချွေးတရွဲရွဲနဲ့ပြန်လာမြဲ။ပြီးရင် အပေါ်ထပ်က
ကိုကို့ရဲ့အခန်းပြတင်းပေါက်ကိုဖွင့်လို့ ပီပီရဲ့အခန်းငယ်ဆီ စက္ကူလေယာဉ်ပျံ
လေးတွေ စေလွှတ်ပြီး "ကောင်းသောမနက်ခင်းပါ ခရမ်းချဉ်သီးလေး" ဆိုတဲ့စာလေးတွေကို ပို့မည်။ကိုကို့အခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းလေးထဲမှာနေထိုင်တဲ့
ပီပီလုံးဟာ ကိုကို့ဆီကမနက်တိုင်းရတဲ့ စက္ကူစာလေးတွေကို သိမ်းထားခဲ့တာ အခုဆိုရင် စာအစောင်ရေ ရာချီပြီး ရှိနေရောပေါ့။ပြောင်းလဲလာတဲ့ နှစ်တွေအကြောင်းပြောပြရင်
ချန်ထားလို့မရတဲ့ တစ်ဦးတည်းသောသူဟာ ဟယ်ရီပဲ။
ဟယ်ရီရဲ့ ဒုတိယမြောက်ဖခင်ဖြစ်သူဟာ
ထိုင်းနိုင်ငံရဲ့နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့သလို ဟယ်ရီ့ရဲ့မိသားစုအကြောင်းတွေဟာလည်း
လူအများရဲ့ အာရုံစိုက်မှုကိုခံစားလာရတယ်။
ကျောင်းတက်ရင်တောင် နံဘေးက အစောင့်တွေနဲ့ တက်ရတဲ့ ဟယ်ရီဟာ တစ်ကျောင်းလုံးမှာ
ပီပီလုံးနဲ့ပဲသူငယ်ချင်းဖြစ်ခဲ့တယ်။အေးအေးဆေးဆေးနေရတာကို
ပိုမိုသဘောကျလာတဲ့ ဟယ်ရီ့အတွက် တစ်ခုတည်းသော စိတ်ထွက်ပေါက်လေးဟာ ပီပီလုံးပဲ။နိုင်ငံခြားသားလေးမို့
ဟယ်ရီ့ရဲ့အရပ်ဟာ ကိုကိုနဲ့အတူတူလောက်ရှိတယ်။
တစ်ခါတစ်ရံမှာ ကိုကိုနဲ့ဟယ်ရီဟာ ပီပီလုံးကိုလည်း လုတတ်ကြသေးတယ်။ပီပီလုံးကတော့ သူတို့နှစ်ယောက်ရန်ဖြစ်ရင် နှစ်ယောက်လုံးကိုစကားမပြောဘဲ အပြစ်ပေးလေ့ရှိတယ်။ကိုကိုဟာ ဟယ်ရီ့ကို ပီပီ့လောက်မချစ်ပေမယ့် ညီငယ်လေးလိုမျိုးဂရုစိုက်ပေးလေ့ရှိတယ်။