(Unicode)
စက်ဘီးအဖြူလေးကို ပျော်ရွှင်ကြည်နူးစွာ နင်းကာ လမ်းတွင်မြင်မြင်သမျှ အရာရာတိုင်းကို ကြည့်ပြီးလည်း ပြုံးဖြစ်နေသေးသည်။ ပန်းလေးတွေကိုတွေ့တော့ နှစ်လိုစွာ ရယ်ပြမိသည်။ ကလေးလေးတွေ ဆော့ကစားရင်း အငြင်းပွားနေသည့်မြင်ကွင်းကို မြင်ပြန်တော့ သဘောတကျဖြစ်ရပြန်သလို လက်ချင်းတွဲလျက် လမ်းလျှောက်ထွက်နေကြသော အဘိုးအဘွားစုံတွဲတစ်တွဲကို အားကျသည့်စိတ်ဖြင့် ငေးမောမိသွားသည်။
မျက်နှာကို ပွတ်သတ်ကျီစယ်လာသော လေပြည်ကို ပြန်လည်ကာ နှုတ်ခွန်းဆက်လိုက်၍ သူ ဦးတည်ရာ ပန်းတိုင်ကိုရောက်ချိန် သူ့စက်ဘီးလေးကို ရပ်လိုက်ပြီး ဒေါက်ထောက်ထားခဲ့လိုက်၏။ ထို့နောက် မြစ်ပြင်ကျယ်အား ကြည့်ရှုရန် ထားရှိထားသော ခုံတန်းလျားလေးတစ်ခုတွင် ထိုင်ကာ သဘာဝတရားကို ငြိမ်သက်စွာ ခံစားမိနေသည်။ ထိုအခိုက်အတန့်မှာပဲ ဘောင်းဘီအိတ်ထဲတွင် ထည့်ထားသော ဖုန်းက တုန်ခါလာ၍ ဖုန်းကို ကြည့်လိုက်တော့ အလွန်အမင်း ပျော်ရွှင်သွားမိပြီး video call ခေါ်ဆိုနေသူအား ချိုသာသောအပြုံးဖြင့် ဆီးကြိုကာဖုန်းကို ဖြေလိုက်သည်။
"ခြွေခကတော့ ပြောစရာအမှားမရှိအောင်ကို တော်ပြီးသားပဲ၊ သီချင်းထွက်လာရင် ပရိတ်သတ်တွေဆီက တုံ့ပြန်မှုကောင်းတွေရဦးမှာ သေချာတယ်"
ဒါရိုက်တာထံမှ ချီးကျူးစကားကို ခြွေခ အပြုံးတစ်ပွင့်ဖြင့် တုံ့ပြန်လိုက်၏။ မကြာမီအချိန်တွင် ထွက်ရှိတော့မည့် ခြွေခရဲ့ single songတစ်ပုဒ်အတွက် နောက်ဆုံးအနေဖြင့် ယနေ့ ရိုက်ကူးပြီးစီးသွားသော အပိုင်းများကို ခြွေခ ပြန်လည်ကာ ကြည့်ရှုနေခြင်းဖြစ်သည်။ ခြွေခနှင့်အတူ ခြွေခနှင့် အမြဲတစ်ပူးပူး တစ်တွဲတွဲရှိနေကြသော နိုင်းရှိန်ခနှင့် ချယ်ရီတို့ကပါ အတူတူ ကြည့်ရှုကြသည်။ နိုင်းရှိန်ခက ဒါရိုက်တာပြောသည့် စကားကို ထောက်ခံသောအနေဖြင့် ခေါင်းတညိတ်ညိတ်ဖြစ်နေသည်။ ချယ်ရီကလည်း ခြွေခကို လက်မတထောင်ထောင်ဖြင့် ချီးမွမ်းခန်းဖွင့်ပြတော့သည်။
"အားလုံးက ဒါရိုက်တာကြီးရဲ့ ကျေးဇူးကြောင့်ပါ၊ ဒီရက်ပိုင်းအတွင်း အလုပ်တွေ ပင်ပန်းခဲ့ရပြီ၊ စိတ်နှစ်ပြီး အလုပ်ကြိုးစားပေးတဲ့အတွက်လည်း ကျေးဇူးပါဗျာ"
YOU ARE READING
Parallel Season 2(Completed)
RomanceCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။