(Unicode)
‘ရွှေလိပ်ပြာ’ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် ဆိုင်ရှေ့တွင် အနန္တကားရပ်လိုက်သည်။ ဆိုင်းဘုတ်ကတော့ မှန်သော်ငြား ရောက်ရှိနေသည်က ဆေးဆိုင်မဟုတ်ဘဲ လူသုံးကုန်ပစ္စည်း ရောင်းသည့်ဆိုင်ဖြစ်နေတာကြောင့် စိတ်ညစ်သွားသည်။ ဤဆိုင်သည် သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ နောက်ဆုံးကြိုးတစ်မျှင်ကတောင်မှ လွဲချော်နေတာ တကယ်ပဲ သူ့ညီမကို ပြန်ရှာမတွေ့နိုင်တော့ဘူးလား။ ဆိုင်ဘက်ကို ကြည့်နေရင်း စိတ်ညစ်လာသည်နှင့်အမျှ သက်ပြင်းတစ်ချက်ချမိတော့သည်။
ပခုံးပေါ်ကို ကျရောက်လာသည့် အထိအတွေ့တစ်ခုကြောင့် နွေလွင်ပြင်ကို သူလှည့်ကြည့်လိုက်သည်။ နွေလွင်ပြင်က သူ့ကို အားပေးသည့်အနေဖြင့် သူ့ပခုံးအား ခပ်ဖွဖွဖျစ်ညှစ်လာသည်။
“ဆိုင်ထဲဝင်ပြီး စုံစမ်းကြည့်ကြမလား၊ ငါတို့ တစ်ခုခုတော့ သိရင်သိမှာပါ Darlingရ၊ ဝင်ပြီးမေးကြည့်တာ အကျိုးမယုတ်ပါဘူး”
နွေလွင်ပြင် ပြောသလို လုပ်ရန် ဆုံးဖြတ်လိုက်ပြီး နှစ်ယောက်သား ဆိုင်ထဲသို့ ဝင်သွားကြသည်။ လူများပြည့်ကျပ်မနေဘဲ ဈေးဝယ်သူ အနည်းငယ်သာရှိ၍ တော်သေးသည်။ လူများရှုပ်နေပါက သူတို့တွေ မေးမြန်းကြည့်ဖို့ အခွင့်အရေး ရနိုင်မည်မဟုတ်ပေ။
ဆိုင်ထဲဝင်သွားသည်နှင့် အရောင်းစာရေးမလေးတွေကို လျစ်လျူရှုကာ ကောင်တာနေရာသို့ တန်းသွားဖြစ်သည်။ အနန္တကိုယ်စား နွေလွင်ပြင်ကပဲ ကောင်တာ၌ ထိုင်နေသော ဆိုင်ရှင်ဟု ယူဆရသည့် အသက်၆၀ကျော်အရွယ် အမျိုးသားကြီးအား စကားပြောပြီး စုံစမ်းသည်။
“ဦးလေး”
“ဘာများလိုအပ်လို့လဲ တူလေးတို့”
“ဦးလေးက ဒီဆိုင်ပိုင်ရှင်လားမသိဘူး”
“ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ”
“ဒီလိုပါ၊ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ပျောက်သွားတဲ့ ညီမလေးကို လိုက်ရှာနေတာပါ၊ လိုက်စုံစမ်းကြည့်ရင်းကနေမှ သူ့ကို ရွှေလိပ်ပြာဆေးဆိုင်ပိုင်ရှင်မိသားစုက မွေးစားသွားတယ် သတင်းရလို့ ဒီကို ရောက်လာကြတာပါ ဦးလေး၊ ဒီရောက်တော့ နာမည်ရော လိပ်စာရောမှန်ပြီး လူသုံးကုန်ပစ္စည်းဆိုင်ဖြစ်နေတာနဲ့ တစ်ခုခု သိလိုသိငြား ဝင်စုံစမ်းကြည့်တာပါဗျ”
YOU ARE READING
Parallel Season 2(Completed)
RomanceCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။