Part 11

83 9 4
                                    

(Unicode)

မိုးခန့်ညား၏ မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်သံများနှင့်အတူ သီချင်းသံများကလည်း ညံစီနေလေသည်။ ဆီဆူလာတော့ အိုးထဲထည့်လိုက်သည့် ကိုက်လန်ရွက်တွေကြောင့် ရှဲကနဲအသံတစ်ချက်မြည်သွားသည်။ ကြက်သားမှုန့်လေး လိုသလောက်ဖြူးကာ နှံ့စပ်အောင်မွှေလိုက်သည်။ ကြက်သားမှုန့်၏ အရသာက ကိုက်လန်ရွက်နှင့် ရောစပ်သွားပြီဟု စိတ်တိုင်းကျမှပင် ကြော်လက်စအိုးကို ခဏ မျက်နှာလွှဲ၍ နောက်ထပ်ချက်မည့် ဟင်းအတွက် လိုအပ်တာများ ပြင်ဆင်ရ‌တော့သည်။

သူ့အဖို့ ယနေ့အတွက် ဟင်းအမယ်နောက်တစ်ခွက်သည်ကား ဝက်သားအချိုချက်သာလျှင်ဖြစ်၏။ ရှေးဦးစွာ အနေတော် တုံးထားသော ဝက်သားတုံးတွေကို ဆား၊သကြား၊ရှာလကာရည်၊ ပဲငံပြာရည်စသော အဆာပလာများနှင့် ရောနယ်သည်။ အရသာတွေအကုန်လုံးကို နှံ့စပ်အောင် နယ်ပြီးသကာလ မီးဖိုချောင်အုတ်ခုံ‌ပေါ်တွင် လွတ်သည့်နေရာ၌ ခေတ္တတင်ထားလိုက်သည်။ လက်တွင်ဝတ်ထားသော လက်အိတ်အကြည်ကို အနီးအနားရှိ အမှိုက်ပုံးတွင် သွားရောက်ပစ်သည်။ ပြီးနောက်မှ ကိုက်လန်အိုးရှိရာသို့ အလျင်အမြန် ပြေးသွား၍ ကျက်နေပြီဖြစ်တာကြောင့် မီးပိတ်လိုက်သည်။

အနံ့အရသာနှင့် ပြည့်စုံနေသော ကိုက်လန်ကြော်အား ပန်းကန်ပြားတစ်ခုထဲသို့ လှယ်ထည့်လိုက်သည်။ စားပွဲခုံပေါ်တွင် အဆင်သင့်ထားထားနှင့်သော အပူခံထမင်းဘူး၏ အကန့်တစ်ခု၌လည်း ကိုက်လန်ကြော်တစ်ဝက်ကို ယူကာ ထည့်သည်။ ကိုက်လန်ကြော်ရဲ့ အခန်းကဏ္ဍကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသော အခါမှ ပါဝင်ပစ္စည်းများနှင့် ရောနယ်ကာနှပ်ထားခဲ့သော ဝက်သားကို အသားစိမ်းဘဝမှ စားချင်စဖွယ် ဟင်းလျာဘဝသို့ ပြောင်းလဲပေးရန် ပြင်တော့သည်။

ပထမအဆင့်အနေဖြင့် ဆီကိုအိုးထဲထည့်ပြီး ဆီပူလာအောင်စောင့်သည်။ ထည့်ထားသော ဆီကနေ ဆီနံ့လေးထွက်လာတော့ ဝက်သားတုံးလေးတွေကို ထည့်လိုက်သည်။ ထို့နောက်တွင် ‌ရေထည့်၏။ ခဏစောင့်ပြီးနောက်တွင် ပဲငံပြာရည်ထည့်ပြီး ခပ်ထူထူလှီးထားသော ကြက်သွန်စိတ်လေးတွေအား ဝက်သားအိုးထဲသို့ထည့်၏။ ပြီးသည့်အခါ မီးရဲ့အပူချိန်ကို အနေတော်လေးသာထားပြီး အိုးအဖုံးပိတ်လိုက်ကာ တစ်‌ရေခန်းအောင် စောင့်သည်။ ထိုအချိန်တွင် ထမင်းပေါင်းအိုးထဲက ထမင်းတချို့ကို ထမင်းဘူးထဲသို့ ထည့်ရန် ပြင်ဆင်သည်။

Parallel Season 2(Completed)Donde viven las historias. Descúbrelo ahora