Part 31

100 6 0
                                    

(Unicode)

အိပ်ပျော်သွားသည့်ခြွေခက ၁နာရီလောက်အကြာတွင် နိုးလာခဲ့သည်။ ညနေစောင်းဖို့ လိုသေးတာကြောင့် မိုးခန့်ညားက အတူတူအချိန်ဖြုန်းလို့ရအောင် ခြွေခနှင့် ကိတ်မုန့်ဖုတ်စားရန် စိတ်ကူးမိသည်။ လိုအပ်သည့် ပစ္စည်းတွေကလည်း အိမ်တွင် အသင့်ရှိတာကြောင့် ကိတ်မုန့်ဖုတ်ဖြစ်ခဲ့သည်။ မုန့်ဖုတ်ရာတွင် ခြွေခက မိုးခန့်ညားအတွက် ဟိုပစ္စည်းယူပေး ဒီပစ္စည်းယူပေးသာဖြစ်ပြီး တကယ့်တကယ် အလုပ်လုပ်သူက မိုးခန့်ညားသာ။

ကိတ်မုန့်ရလာတော့ မိုးခန့်ညား၏လက်ရာကို ခြွေခက အားပါးတရစားသောက်ပြီး မိုးခန့်ညားမှာတော့ သိပ်မစားဖြစ်။ ခြွေခစားတာကိုမြင်ရတာနှင့်သာ သူဗိုက်ပြည့်နေ၍ ဖြစ်သည်။ ဤသို့ဖြင့် ညနေစောင်းသွားလေသည်။ မိုးခန့်ညားလည်း ခြွေခအတွက် သူစီစဥ်ထားသည့် မွေးနေ့လက်ဆောင်ရှိရာနေရာကို ခြွေခအား ခေါ်ဆောင်ကာ သွားတော့သည်။

“ကိုး ရောက်ပြီဆို မျက်လုံးစည်းထားတာကြီးကို ဖြုတ်ပေးတော့လေ”

ဘယ်နေရာကို ခေါ်လာမှန်း ခြွေခသိသွားမည် စိုးရိမ်တာကြောင့် လမ်းခုလတ်တစ်နေရာတွင် ခြွေခ၏ မျက်လုံးအား ပုဝါတစ်ခုဖြင့် စည်းကာ ခေါ်ခဲ့ခြင်း။ အခု သူကားရပ်လိုက်သည့်အချိန်မှာ ခြွေခက စည်းထားသည့် ပုဝါအားဖယ်ပေးဖို့‌ ပြောလာသည်။ သို့သော် ဖယ်ပေးဖို့ အချိန်မကျသေးသည့်အတွက် ခြွေခကို အထဲရောက်သည်အထိ ချော့ပြီးသာ ခေါ်သွားရမည်။

“ခဏလေးပါ နိုလေးရဲ့၊ အထဲရောက်ရင် ဖြုတ်ပေးမယ်နော်”

“အင်း၊ အဲ့ဒါဆိုလည်း အထဲမြန်မြန်သွားမယ်၊ ဒါကြီးနဲ့ နိုမနေတတ်ဘူး”

စည်းထားသည့်ပုဝါကြောင့် ဘာဆိုဘာကိုမှ မမြင်ရသည့် ခြွေခကို လက်ဆွဲကာ သူ အထဲသို့ ဝင်သွားဖြစ်သည်။ သူပြောထားသည့်အတိုင်း သေချာလုပ်ပေးထားတာ တွေ့လိုက်ရ၍ ပြုံးမိသွားသည်။ ခြွေခလည်း သူ့မွေးနေ့လက်ဆောင်ကိုမြင်ရင် အလွန်ကို နှစ်ခြိုက်မည်မှာ သေချာသည်။

“ဖွင့်လို့ရပြီ နိုလေး”

သူ့စကားဆုံးသည်နှင့် ခြွေခက မျက်လုံးများကို ဖွင့်လာသည်။ ထို့နောက် ရောက်ရှိနေသည့်နေရာကို တစ်ချက်ဝေ့ဝဲကြည့်ပြီးနောက် မယုံနိုင်သော မျက်ဝန်းများဖြင့် သူ့အား ကြည့်လာသည်။

Parallel Season 2(Completed)Tempat cerita menjadi hidup. Temukan sekarang