Part 15

84 7 0
                                    

(Unicode)

နိုင်းရှိန်ခ နွေလရဲ့ ဆေးရုံခန်းထဲမှာ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြင့် အငြိမ်မနေနိုင်ဖြစ်နေရသည်။ ခြွေခတို့ ထွက်သွားတာ လိုအပ်သည်ထက် အတော်လေးကိုမှ အချိန်ပိုကြာနေပြီဖြစ်၏။ စိတ်ထဲလည်း လေးလံနေတာကြောင့် တစ်ခုခုများ ဖြစ်နေလားဆိုကာ အပူတပြင်းလည်း ရှိနေရသည်။ ယူမီကတော့ နွေလရဲ့ ကုတင်ဘေးတွင် ထိုင်နေရင်း လမ်းလျှောက်နေသော နိုင်းရှိန်ခအား လိုက်ကြည့်မိနေကာ သက်ပြင်းတချချနှင့်။ သူသည်လည်း တော်တော်နှင့် ပြန်မလာသေးသော ခြွေခတို့ကို စိတ်ပူနေသည်မဟုတ်ပါလား။

အချိန်၅မိနစ် ကုန်လွန်ပြီးသွားသည့်နောက်တွင်တော့ တံခါးဖွင့်သံကို ကြားလိုက်ရသည်။ လမ်းလျှောက်နေသော နိုင်းရှိန်ခနှင့် ငုတ်တုတ်ထိုင်နေသော ယူမီတို့၏ မျက်ဝန်းများက တံခါးဆီသို့ ချက်ချင်းဆိုသလို အကြည့်‌‌ရောက်သွားလေ၏။ ခြွေခ၏ အားတစ်စက်မှမရှိသည့်ပုံနှင့် အလွန်တရာကိုမှ ရှိုက်ကြီးတငင် ငိုထားဟန်ရသော မို့အစ်နေသည့် မျက်ဝန်းတို့ကြောင့် နိုင်းရှိန်ခ ခြွေခဆီသို့ သွက်လက်စွာ လျှောက်သွားမိသလို ယူမီကလည်း နွေလ၏အနားတွင် ထိုင်နေရာမှ ထကာ ခြွေခဘေးသို့ အလိုလို ခြေဦးတည့်မိတော့သည်။

“ဦးလေးနဲ့အန်တီတို့ရဲ့ အခြေအနေက ဘယ်လိုရှိလဲ ခြွေခ၊ အဆင်ပြေတယ်မလား၊ မစိုးရိမ်ရဘူးမလား”

နိုင်းရှိန်ခမေးတာကို ခြွေခ မဖြေနိုင်သေးဘဲ မိခင်နှင့်ဖခင်တို့၏အလောင်းများထားရှိရာ ရေခဲတိုက်နေရာမှ နွေလ၏လူနာဆောင်သို့ မနည်းအားတင်းပြီး လှုပ်ရှားလာခဲ့ရသော ခြေထောက်များအား အနားပေးရန် ဧည့်တွေ့လာသည့်ဧည့်သည်များ ထိုင်ဖို့ ထားရှိသည့် ဆိုဖာခုံတစ်ခုတွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ မိုးခန့်ညားကြောင့်သာ ခြွေခ ဤနေရာအထိ ပြန်ရောက်အောင်လာနိုင်ခြင်းဖြစ်သည်။ မဟုတ်ရင် သူတစ်ယောက်တည်းသာဆို သူစိတ်ရှိလက်ရှိငိုခဲ့သောနေရာတွင်ပဲ ရှိနေဦးမည်မှာ သေချာ၏။

“ရေအရင်သောက်လိုက်‌ ခြွေခ”

မိုးခန့်ညား လှမ်းပေးလာသော ရေခွက်ကိုယူကာ ခြွေခမော့သောက်လိုက်သည်။ ငိုခဲ့ရလို့ မောနေတာကတစ်ကြောင်း၊ ရင်ထဲမှာ ငရဲမီး တောက်လောင်နေသလို ပူ‌လောင်ပြီး တမြေ့မြေ့ လောင်ကျွမ်းနေတာကတစ်ကြောင်းကြောင့် ရေကို ခွက်ထဲတွင် တစ်စက်မှ ကျန်မနေအောင် အကုန် သောက်မိသွားသည်။ ရေခွက်အလွတ်ကို မိုးခန့်ညားက သူ့လက်ထဲကနေ ပြန်ယူကာ တခြားတွင် သွားထားလိုက်သည်။

Parallel Season 2(Completed)Where stories live. Discover now