(Unicode)
ဖခင်ရဲ့ 'Future's Song' ပရိဘောဂကုမ္ပဏီ၏ ပိုင်ရှင်အသစ်အဖြစ် လွှဲပြောင်းဆက်ခံခဲ့ရပြီးနောက် ခြွေခရဲ့ နေ့စဥ်ဘဝသည် သီချင်းတွေအစား ကုမ္ပဏီအလုပ်များဖြင့်သာ ပြည့်နှက်နေတော့သည်။ စစချင်းနေ့တွေမှာတော့ နေသားမကျသော်ငြား အချိန်တွေ နည်းနည်းကြာရှည်လာသည့်အခါတွင် ပြောင်းလဲလိုက်ရသည့် ဘဝနေထိုင်မှုပုံစံအသစ်မှာ အထိုင်ကျလာသည်။
မနှစ်သက်သည့်အလုပ်တွေနှင့် အချိန်ကုန်နေရင်း တစ်ခါတစ်ခါ စိတ်ညည်းညူလာသည့်အခိုက်မျိုးဆို စိတ်ပြန်လည်ကြည်လင်သွားအောင် မိမိ၏ အဖိုးတန် ဂီတာလေးကို တီးပြီး သီချင်းဆိုတာမျိုး လုပ်ဖြစ်သည်။ လူတစ်ယောက်ရဲ့ ဝါသနာဆိုတာ ဘယ်တော့မှ ဖျောက်ဖျက်လို့ရသည့်အချင်းအရာ မဟုတ်လေတော့ ရသည့်အချိန်လေးတွင် ရသလို ဝါသနာပါသည့်အလုပ်လေးကို လုပ်ကိုင်ပြီး ကိုယ်ပိုင်ကမ္ဘာလေးထဲ ပျော်ရွှင်ရခြင်းသည် စိတ်အတွက် အားအင်ပြည့်ဖြိုးစေသည့် အစာအာဟာရတစ်ခုအလား။
မိမိထိုင်နေရသည့် နေရာက မြင့်သလောက် လုပ်ရသည့်အလုပ်တွေနှင့် စိတ်ပင်ပန်းမှုတွေသည် ဘာနဲ့မှ နှိုင်းယှဥ်လို့မရအောင် များလွန်းလှသည်။ ပင်ပန်းသော်လည်း ပင်ပန်းခြင်းကို အံတုကာ လုပ်ဆောင်ရမည့်တာဝန်တွေကိုတော့ ဆက်လက်လုပ်ဆောင်ဖြစ်သည်။ ပင်ပန်းသည်ဆိုပြီး ရပ်တန့်လိုက်လျှင် ဤလောကတစ်ခွင်တွင် လူတိုင်း လူတိုင်းဟာ ဘာအလုပ်ဘာအကိုင်မှ မရှိတဲ့ အလုပ်လက်မဲ့တွေသာဖြစ်ကုန်တော့မည်။ လူ့လောကထဲရောက်လာပြီး လူ့ဘဝရောက်လာမှတော့ အသိနှင့်သတိကပ်ကာ ဘယ်အရာကိုမဆိုစဥ်းစား၍ ကိစ္စတစ်ခုဟာ သင့်တော်သည်ဟုအဖြေထွက်လာရင် ဘဝအတွက် မလုပ်ချင်လည်းလုပ် လုပ်ချင်လည်းလုပ်ရမည်သာ။
ခြွေခတွင် ကံကောင်းထောက်မစွာပဲ ဂရုစိုက်ပေးသည့်သူတွေ များနေသည်မှာ ဘဝအကျိုးပေးကုသိုလ်ကံလို့ပဲ ပြောရမလား။ ခြွေခရဲ့ အရင်းနှီးဆုံးသောလူတွေအကုန်လုံးက ခြွေခကို သူတို့၏ သွေးသားရင်းချာ ညီအစ်ကိုမောင်နှမသကဲ့သို့ ချစ်ခင်ကြသည်။ ယခုလည်း အလုပ်တောင်တွေကြားထဲ ခေါင်းနစ်ဝင်နေသည့် ခြွေခက စိတ်အပန်းပြေအောင် သဘာဝဆန်သည့်နေရာဆီသို့ သွားချင်သည်ဟုဆိုလိုက်သည်နှင့် နှစ်ခါမပြောရဘဲ ခေါင်းညိတ်ကြသည်။ သွားမည့်ရက်နှင့်နေရာကိုလည်း ခြွေခကိုယ်တိုင်သာ စိတ်ကြိုက်ရွေးချယ်ရန် ဦးစားပေးကြသေးသည်။ ထို့ကြောင့် အားလုံးအဆင်ပြေမည့် ရက်ကို ခြွေခသတ်မှတ်ပေးလိုက်၍ နေရာကိုတော့ ရန်ကုန်မြို့အနီးဝန်းကျင်တွင်သာရှိသော လှော်ကားဥယျာဥ်ကိုသာ သွားရောက်လည်ပတ်ရန် ရွေးဖြစ်သည်။
![](https://img.wattpad.com/cover/279686367-288-k875957.jpg)
YOU ARE READING
Parallel Season 2(Completed)
RomanceCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။