(Unicode)
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အနီးအနားရှိ တစ်နေရာတွင် လက်ထပ်ပွဲတစ်ခုကျင်းပလျက်ရှိသည်။ ဖိတ်ကြားထားသည့် ဧည့်သည်ဆိုလို့ မိသားစုဝင်များနှင့် ရင်းနှီးသည့်မိတ်ဆွေအချို့သာရှိသည့် လက်ထပ်ပွဲသည် အများအမြင်မှာ စည်ကားမှုမရှိနိုင်သော်လည်း သတို့သားနှစ်ဦးလုံးအတွက် ဤအတိုင်းအတာကပင် လုံလောက်သည်။
အချိန်က မနက်၉နာရီဝန်းကျင်ဆိုသော်ငြား နေရောင်ခြည်မှာ ရန်ကုန်လိုမပြင်း။ ချမ်းအေးလွန်းသည့် ရှမ်းပြည်ဆောင်းမှာ ခပ်နွေးနွေးလေးဖြင့် နေလို့အဆင်ပြေသည်။ ခန်းမထဲတွင် ပြုလုပ်သည်မဟုတ်ဘဲ မြေကွက်လပ်နေရာတွင် တောင်တန်းများကို နောက်ခံထားပြီး ကျင်းပသည့် လက်ထပ်ပွဲသည် သတို့သားတစ်ဦး၏ ညီမဖြစ်သူမှ သတို့သားများလျှောက်လှမ်းလာမည့် လမ်းထက်ကို ပန်းခင်းလမ်းဖြစ်သွားအောင် ပန်းများ ကြဲချခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက်တွင် အဖြူရောင်မင်္ဂလာဝတ်စုံကို ဆင်တူဝတ်ဆင်ထားသည့် သတို့သားနှစ်ယောက်က လက်တွဲကာ လျှောက်လမ်းထက်၌ တူနှစ်ကိုယ် လျှောက်လာကြသည်။ သတို့သားများဝတ်ဆင်ထားသော မင်္ဂလာဝတ်စုံ၏ အင်္ကျီအိတ်ကပ်တွင် အနီရောင်နှင်းဆီပန်းတစ်ပွင့်စီကို ဆင်တူ ထိုးထားသေးသည်။ ဘာသီချင်းသံမှ မပါ၊ ဘာမင်္ဂလာတီးလုံးမှမပါဘဲ ဧည့်သည်များ၏ ကောင်းချီးမင်္ဂလာပေးသော လက်ခုပ်သံများကသာ လက်ထပ်ပွဲရဲ့ နောက်ခံသံစဥ်အဖြစ်ရှိသည်။
ကတိသစ္စာစကားကို ကြွရောက်ပေးကြသည့် ဧည့်သည်များအရှေ့တွင် တစ်ဦးလက်ကို တစ်ဦးဆုပ်ကိုင်ထားလျက် မျက်နှာချင်းဆိုင် ဆိုဖြစ်ကြပြီးနောက် နှုတ်ခမ်းနှစ်စုံက ငါးစက္ကန့်မျှ ထိကပ်သွားကြသည်။ အကြင်နာအနမ်းလည်း ပေးပြီးချိန်တွင် ဧည့်သည်တွေဘက်ကိုလှည့်ရပ်လိုက်တော့ ထိုင်ခုံတွင်ထိုင်နေကြသော ဧည့်သည်များသည် မတ်တပ်ထရပ်ကြပြီး သူတို့အတွက် ဒုတိယအကြိမ်မြောက် လက်ခုပ်သံများ ချီးမြှင့်ပေးကြသည်။ ယခင်အကြိမ်ထက် ဤအကြိမ်သည် ပိုမိုကျယ်လောင်လေသည်။
လက်ခုပ်သံများ စဲသွားသည်နှင့်တစ်ပြိုင်နက်မှာပင် လုံမေက အခမ်းအနားမှူးအဖြစ် တာဝန်ယူသည့် အနန္တရဲ့ဆေးခန်းက အကူဆရာဝန်လေး ကိုင်ထားသည့် မိုက်ခ်ကို ဆွဲယူ၍ ဧည့်ပရိတ်သတ်တွေရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ခရမ်းနုရောင်လက်တစ်လုံးဂါဝန်ရှည်က မြေပေါ်တွင် ပုံကျနေတာ ဘုတ်သိုက်ဆိုတော့ လုံမေသည် လက်တစ်ဖက်က ဂါဝန်စကို ကိုင်ထားပြီး နောက်တစ်ဖက်က မိုက်ခ်ကို ကိုင်ထားရသည်။ ထိုင်နေရာက ထပြီး ဆရာဝန်လေးဆီကနေ မိုက်ခ်ကို အလျင်အမြန် သွားဆွဲလုခဲ့သောကြောင့် လုံမေ၏ ခေါင်းတွင် တင်ထားသော Flower Crownလေးသည် တစ်ဖက်သို့ စောင်းသွားတော့သည်။ လုံမေမှာ ထို Crownကို ပြန်ပြင်လိုက်ပေမယ့် နေရာတကျမဖြစ်ဘဲ ပြန်စောင်းသွားသည်။
YOU ARE READING
Parallel Season 2(Completed)
RomanceCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။