Part 20

82 7 0
                                    

(Unicode)

"ကျွန်တော် အချိန်၄၅ရက်ယူမယ်၊ လေ့လာတဲ့အချိန် ၄၅ရက်ကုန်ပြီးသွားရင်တော့ ကျွန်တော် ပါပါးနေရာကို ဆက်ခံမယ်ဆိုတာ တစ်ဆက်တည်းမှာ အသိပေးချင်ပါတယ်၊ ဒီကလူကြီးမင်းတွေ အကုန်လုံးက ကျွန်တော့်ကို အရည်အချင်းမပြည့်မီဘူးလို့ သတ်မှတ်ထားတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ဒါပေမဲ့ လူကြီးမင်းတို့ရဲ့ သတ်မှတ်ချက်က ကျွန်တော် ပြောထားတဲ့အချိန်ပြီးရင် ပြောင်းလဲသွားမှာပါ၊ ကျွန်တော် ကုမ္ပဏီကို မဝင်ခင်အတောအတွင်းမှာတော့ လုပ်ငန်းဆောင်တာတွေကို ပါပါးရှိစဥ်ကအတိုင်း ဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်"

ခြွေခ ရှယ်ယာရှင်တွေနှင့် ဌာနဆိုင်ရာ အကြီးအကဲတွေကို ကုမ္ပဏီ၌ သွားတွေ့ကာ ပြောသင့်ပြောထိုက်သည့် အကြောင်းအရာတိုင်းကို ပြောရင်း သူ့ကိုယ်သူ မိတ်ဆက်ခြင်း ပြုလုပ်ခဲ့သည်။ သားနှစ်ယောက်ရှိတာသိပေမယ့် အငယ်ကောင်လေးကိုသာ မြင်ဖူးပြီး အကြီးက မည်သူမှန်းမသိတော့ ထိုအကြီးအကဲများသည် ခြွေခကို မြင်မြင်ချင်းမှာပဲ မယုံနိုင်လောက်အောင် အံ့သြသွားကြသည်။ ခြွေခက ကုမ္ပဏီကို ဆက်ခံပြီး လည်ပတ်စေမည့်သူမှန်းသိလိုက်ရချိန် အားလုံးရဲ့ မျက်လုံးတွေမှာ လက်မခံနိုင်သည့် အရိပ်အ‌ရောင်များ လွှမ်းမိုးသွားသည်ကို ခြွေခ အကဲခတ်လိုက်မိသည်။

သူထုတ်ဖော်ပြောလိုက်သည်နှင့် ဤသို့သော တုံ့ပြန်မှုကိုသာ ရမည်ဆိုတာ ခြွေခသိ၏။ သူက သီချင်းတွေသာဘဝလို့ ခံယူထားသည့် အနုပညာသမားတစ်ယောက်ဖြစ်ပြီး စီးပွားရေးဆိုလျှင် အခြေခံတောင် မသိသော သူတစ်ယောက်ပင်။ ထိုသို့သော လူမျိုးက ကုမ္ပဏီရဲ့အကြီးဆုံးရာထူးကို ယူ၍ စီမံခန့်ခွဲမည်ဆို‌တော့ သူတို့တွေ စိတ်ပူကာ လက်မခံနိုင်ကြသည်မှာလည်း အပြစ်ပြောလို့မရပါ။ ဒါဖြစ်သင့်ဖြစ်ထိုက်ပါသည်။

သူ့အကြောင်းသူ သိပေမယ့် ခြွေခက ဖခင်တည်ထောင်ခဲ့သည့် ကုမ္ပဏီကို တခြားသူလက်ထဲ လွယ်လွယ်ကူကူ ရောက်မသွားစေချင်ပါ။ ဖခင်ရဲ့ သတင်းကို ကြား‌တော့ အချောင်သိမ်းပိုက်ရန်ချောင်းနေကြသည့် ကြောင်သူတော်များက သူတို့ရဲ့ဇာတိ‌တွေ ပြလာကြကြောင်းကို ဖခင်ရဲ့ သစ္စာစောင့်သိလူယုံလည်းဖြစ် အတွင်းရေးမှူးလည်းဖြစ်သည့် သစ်သွေးမာန်ဆီမှ ကြားသိရသည်။ ထို့ကြောင့် ခြွေခ ကုမ္ပဏီကို သွားသည့်နေ့က တစ်ခါတည်း သွယ်ဝိုက်စွာ သတိပေးဖြစ်ခဲ့သည်။ သူအလုပ်စဆင်းသည့်နေ့မှာလည်း စစ်စရာရှိတာတွေကို လျှပ်တစ်ပြက်စစ်ဆေးရန် ခြွေခ စိတ်ကူးထားပြီးသားဖြစ်သည်။

Parallel Season 2(Completed)Место, где живут истории. Откройте их для себя