အပိုင်း ၃၅

22.6K 2.5K 170
                                    

"ပုဆိုးက သေချာဝတ်စမ်း ရှင်စော လူကြီးတွေကြား သွားရမှာ နင့်ဆံပင်ကြီးလည်း သပ်သပ်ရပ်ရပ် လုပ်ဦး.."

ဒေါ်ယဉ်ဌေးက ရှင်စောအား လှမ်းပြောပြီးတော့မှ ပခုံးပေါ်မှ လျှောကျနေသော ပဝါစအား စိတ်မရှည်သလို ဆွဲလွဲဖြုတ်ပြစ်ကာ လက်ထဲကိုင်ထားလျှက်ဖြင့်

"ရှမ်းလေးရေ့ ကားထုတ်တော့လေ.."

ကိုရှမ်းလေးအား လှမ်းအော်လေသည်။အိမ်ထဲက အော်တာအားမရပဲ လှုပ်လီလှုပ်လဲ့ဖြင့် အိမ်အဝအထိ ရောက်အောင် လျှောက်ထွက်သွားပြီးမှ...

"ဟဲ့ ဖိုးထူး ရှမ်းလေး ဘယ်ရောက်သွားတုန်း.."

"ခုနကတော့ ရှိနေတယ် ဒေါ်လေး.."

"အော် ကဲ ဒီကောင်လေးကလည်း သွားလာခါနီးမှ ဒီကိစ္စမျိုးက နောက်ကျလို့ ကောင်းတာ မဟုတ်ဘူး ကိုယ်ကသားရှင်..သွားရှာစမ်းပါဟယ် မြန်မြန်သွား.."

ကိုဖိုးထူးကို ပွစိပွစိ သွားလုပ်ပြီးမှ အိမ်ထဲပြန်ဝင်လာလေသည်။ရှင်စောကတော့ ခုံပေါ်မှာ ငူငူကြီးထိုင်ရင်း စိတ်တွေဆင်းရဲနေမိသည်။
ဒီနေ့က ဖူးဖူးစင်တို့ဖက်ကို သူတို့ဖက်က တောင်းရမ်းမင်္ဂလာအတွက် သွားမြန်းမှာ ဖြစ်လေသည်။မိုးလင်းကထဲက သူ့အမေတစ်ယောက် ညံထနေအောင် လောဆော်နေလိုက်တာ အိမ်ရှိလူကုန် ဘယ်သူမှမနေရ။ချွေးမရဖို့ တက်ကြွနေတဲ့ ယောက္ခမမျိုး ဒီတစ်ခါပဲ တွေ့ဖူးတယ် တကယ်။သူကတော့ ဒီကိစ္စတွေထဲက ဘယ်လိုရုန်းထွက်ရမလဲလို့ပဲ အဖြေရှာနေမိတာ။

ပထမ တွေးထားတဲ့ စိတ်ကူးက ကျောင်းပြီးလျှင် အလုပ်လေးအထိုင်ချ အချိန်ယူပြီးမှ သူ့နှင့်ဒီမို့ကို သေချာနားလည်အောင် လက်ခံပေးနိုင်အောင် ကြိုးစားဖို့ စိတ်ကူးခဲ့တာ။အခုတော့ စိတ်ကူးနှင့် လက်တွေ့က တခြားစီဖြစ်ကာ ပြဿနာတွေဟာ ဘယ်ကဘယ်လို ကြီးထွားကုန်သလဲ မသိတော့။သူတို့နှစ်ယောက်ရဲ့ အချစ်ကို သိလျှင်သိချင်း သူ့မိသားစုရဲ့ တုံ့ပြန်မှုက ပြင်းထန်မည်ဆိုတာ ကြိုတွေးထားပြီးသားပါ။သို့ပေမဲ့ ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့။

"ဟဲ့ အဲ့ဒါ ဘာထိုင်ငိုင်နေတာလဲ ကားပေါ်တက်တော့လေ.."

မြှားဦးက သူ့ဖက်ကို လှည့်လာလေပြီ။ကိုကိုကြီးနှင့် ဘကြီးရယ် သူတို့ဖက်မှ လူကြီးတွေရယ်က ကားတစ်စီးဖြင့် ထွက်သွားနှင့်ပြီ။သူရယ် မမကြီးနှင့်အမေရယ်က ကားတစ်စီး စသဖြင့် စီစဉ်ထားတာ ဖြစ်လေသည်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now