P~7 (U)

2.1K 169 4
                                    

"ဖေဖေက ခဏနေရင်ဆင်းလာခဲ့မယ်တဲ့ရှင်၊ ခဏထိုင်စောင့်ပေးပါနော်''

"ဟုတ်ကဲ့ပါဗျ''

ဦးမောင်ရဲ့သမီးဖြစ်ပုံရသည်။ အံ့ကျူးအတွက် ကော်ဖီတစ်ခွက်ချပေးခဲ့ကာ ထမင်းစားခန်းထဲပြန်ဝင်သွား၏။ သိပ်မကြာလိုက်။ ခဏနေတော့ ဧည့်ခန်းထဲကို ရှပ်အကျႌလက်ရှည်အပြာဖျော့နဲ့ပုဆိုးအပြာကွက်ကိုသေသေသပ်သပ်ဝတ်ထားသည့် ဦးမောင်ဝင်လာခဲ့သည်။ ဦးမောင်က ဦးနောင်တို့မိသားစုရဲ့မိသားစုရှေ့နေဖြစ်သည်။ မမတို့ရှိစဉ်ကတည်းက အရင်းနှီးချည်းမဟုတ်ပေမဲ့ မျက်မှန်းတန်းမိရုံသာမက အပြင်မှာတွေ့ရင်တော့ ပြုံးပြ၊နှုတ်ဆက်ပြလေ့တော့ရှိသည်။

"ခဏစောင့်ခိုင်းမိလို့ အားနာတယ် မောင်အံ့ကျူးရေ၊ အန်ကယ် အမှုကိစ္စအကြောင်း သူငယ်ချင်းနဲ့ဖုန်းပြောရင်းစကားမပြတ်နိုင်လို့''

"ရပါတယ်ဗျ အန်ကယ်၊ အရေးမကြီးပါဘူး ''

"ကဲ ဆိုစမ်းပါဦး၊ အန်ကယ်ဆီကိုဘာတွေများတိုင်ပင်စရာရှိလို့လဲရောက်လာတာလဲ''

ဦးမောင်က အံ့ကျူးနဲ့မျက်နှာချင်းဆိုင်က ဆိုဖာမှာဝင်ထိုင်သည်။ ဦးမောင်က ဦးနောင်နဲ့အသက်အရွယ်တူတူလောက်ပဲဖြစ်လောက်သည်။ အသားအရေခပ်လတ်လတ်ဖြစ်ကာ ငါးဆယ်ကျော်အရွယ်တည်တံ့ခန့်ညားမှုနဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ လူရိုသေ၊ ရှင်ရိုသေနာမည်ကြီးတရားရှေ့နေတစ်ယောက်ဖြစ်သည်။ အံ့ကျူး မျက်မှန်ကိုင်းတဝင်းဝင်းနဲ့ သူဘာပြောမလဲစောင့်နေပုံရသည့်ဦးမောင်ကိုတလေးတစားကြည့်ကာ

"ဟုတ်ကဲ့၊ ၊ ကျွန်တော် မမရဲ့သားလေးဘုန်းမာန်နဲ့ပတ်သက်ပြီး အန်ကယ်နဲ့တိုင်ပင်ချင်လို့ပါ''

"အင်း''

ဦးမောင်က သူပြောတာကိုအာရုံစိုက်နားထောင်နေ၏။

"ဒီလိုပါ အန်ကယ်၊ မမတို့မရှိတော့ ကျွန်တော် ကလေးကိုသွားတွေ့တယ်၊ ဦးနောင်ရဲ့သား,ခေါင်နဲ့တွေ့တော့ ကျွန်တော်ကိုကလေးနဲ့တွေ့ခွင့်မပေးပါဘူး၊ အုပ်ထိန်းခွင့်က သူ့ဆီမှာဆိုပြီး ကျွန်တော်နဲ့ကလေးတွေ့ခွင့်ကို သူပိတ်ပင်ထားတယ်ဗျ၊ အဲ့ဒီအတွက် ကလေးနဲ့ကျွန်တော်တွေ့ခွင့်ရအောင် ဘယ်လိုလုပ်ရမလဲ၊ နောက်ပြီး ကျွန်တော် ကလေးကိုအပြီးအပိုင်မွေးစားခွင့်ရအောင်ပဲဖြစ်ဖြစ် တရားဥပဒေအရ ကျွန်တော် သူ့ကိုဘာလုပ်နိုင်မလဲသိချင်လို့ပါ''

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now