P~10 (U)

2.1K 200 6
                                    

"ကျွန်တော့်ကို ပန်းတွေပေးပါ၊ ကျွန်တော်လဲလိုက်ပါ့မယ်''

"ကျေးဇူးပဲ ညီ''

အံ့ကျူး လက်ထဲကပါလာသည့်နှင်းပန်းစည်းကို ရဲရင့်ကိုလှမ်းပေးလိုက်သည်။ ရဲရင့်က ပန်းစည်းကိုယူပြီး ဧည့်ခန်းစားပွဲပေါ်ကအလှပန်းအိုးကိုပါယူကာ ရေချိုးခန်းထဲဝင်သွား၏။

အံ့ကျူး ပြတင်းပေါက်လိုက်ကာတွေကိုအနည်းငယ်ဆွဲဟလိုက်တော့ မနက်ခင်းရဲ့နေရောင်ခြည်နုနုက အခန်းထဲတစွန်းတစတိုးဝင်လာသည်။ လေပြည်လေညင်းပါအသာတိုးတော့ ခန်းစလိုက်ကာတွန့်လေးတွေပါ တလွင့်လွင့်ဖြစ်သွား၏။

ခုတင်နားပြန်လျှောက်လာပြီး အံ့ကျူး ခုတင်ပေါ်မှာ
အောက်စီဂျင်မက်စ်ဖြင့်ငြိမ်သက်နေသည့်ဖေဖေ့ကိုငေးကြည့်မိသည်။ ရဲရင့်က ဖေဖေကို မနက်သေချာသန့်စင်ပေးပြီးပုံပင်။ အနည်းငယ်ပိန်ဖျော့နေသည့်လက်ကောက်ဝတ်တစ်ဖက်ကိုကိုင်တော့ ဖေဖေ့အသားအရေလေးတွေက နွေးနွေးလေးနဲ့နုသန့်နေသည်။ အံ့ကျူး ဖေဖေ့ခုတင်ဘေးကခုံမှာအသာထိုင်လိုက်ချလိုက်ပြီး

"ဖေဖေ ကျွန်တော်အံ့ကျူးပါ၊''

"ဒီနေ့ရာသီဥတုသာယာတယ်ဖေဖေ ငှက်တွေအော်နေတာ
ကြားလား၊ ဆောင်းလည်းဝင်တော့မယ်''

"ခုတလော ကျွန်တော်ရော၊ မမရောအလုပ်တွေများနေလို့ ဖေဖေ့ဆီမလာဖြစ်တာ၊ နောက်တစ်ခါကျရင် မမက ဘုန်းမာန်နဲ့အတူလာခဲ့မယ်တဲ့၊ သိလား၊ ဖေဖေ့မြေးက ဝတုတ်နေတာပဲ၊ ဖိုးဖိုး.. ဖိုးဖိုးနဲ့ဖေဖေ့ကိုမေးနေတာ၊ သူ့ဖိုးဖိုးကိုတွေ့ချင်လို့တဲ့လေ''

"ဖေဖေအမြန်ဆုံးနိုးလာရင်ကောင်းမှာပဲဖေဖေရယ်''

အံ့ကျူး ဖေဖေ့လက်တစ်ဖက်ကိုကိုင်ပြီး ပါးမှာအသာဖိကပ်ထားလိုက်ကာ မျက်လုံးတွေကိုအသာဖိမှိတ်ထားမိသည်။
မမဆုံးတာကို ဖေဖေခုထိမသိသေး။ ဖေဖေကြားအောင်လည်း မပြောရက်ပါ။ ဒေါက်တာမိုးသက်ရီကပြောထားသည်။ ဖေဖေလို,ကိုမာဝင်ပြီးသတိလစ်မေ့မြောနေသူတွေက အနားကလူတွေပြောသမျှကိုကြားနေနိုင်တယ်တဲ့။ ခုလိုအခြေအနေကြီးနဲ့ဖေဖေသိလည်း ပိုစိတ်ဒုက္ခခံစားရမှာကို အံကျူးမလိုလားပါ။ ဖေဖေစိတ်ချမ်းသာမဲ့အကြောင်းအရာတွေပြောပြပြီး ဖေဖေ့ကိုပဲ ဒီခုတင်ပေါ်ကအမြန်ဆုံးနိုးထစေချင်မိသည်။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now