[Unicode]
ကျေးငှက်လေးများ တဂျီဂျီအော်မြည်နေချိန်၊ နေရောင်နုနုဖြင့် မနက်ခင်းလေးအစပြုတော့ အချမ်းဓာတ်လေးက အနည်းငယ်ရှိသေး၏။ ခိုလှုံမိတဲ့ ရင်ခွင်က အေးစက်နေသော်လည်း လုံလောက်သည့်အနွေးဓာတ်ကို ရပါသည်။ ဂျောင်ဂု မထချင်သေးပါ။ ဒူးခေါင်းလေးကို မေးစေ့နှင့်ထိလုမတတ် လက်နှစ်ဖက်ဖြင့်ဖက်ကာ ပြန်ကွေးပြန်၏။ ခါးပေါ်ရောက်နေတဲ့ လက်တစ်ဖက်ဆီမှ ဆွဲခြင်းခံလိုက်ရတဲ့အခါ ခန္ဓာကိုယ်နှစ်ခုမှာ ကြားခံနယ်ဆိုတာမရှိတော့၊ ဆံစအနားစပ် လည်ဂုတ်ထက်မှ ခံစားမိသည့် နှာဖျားချွန်ချွန်၏ အထိအတွေ့ကြောင့် အိပ်နေရင်းပင် ကြက်သီးများထမိသည်။ မျက်လုံးတို့ကို ဖွင့်လိုက်ကာ အသိစိတ်တို့ကပ်မိချိန် ...
အစ်ကိုထယ်ဟျောင်းဟာ ကျွန်တော့်ကို အနောက်ကနေ တင်းတင်းဖက်ထားကာ ခြေထောက်တစ်ဖက်ဖြင့်လည်း ခွထားသေးသည်။ နီးကပ်နေတဲ့ ခန္ဓာနှစ်ခုကြောင့် အနေခက်စွာ လူးလွန့်မိတော့ ပြေလျော့သွားပါသော လက်ကြောင့် ခန္ဓာကိုယ်ကို နည်းနည်းခွာလိုက်ကာ အစ်ကိုအိပ်နေရာဘက် မျက်နှာမူပြီး ဘေးတစောင်းအိပ်လိုက်သည်။ အိပ်မောကျနေတဲ့ မျက်နှာချောချောကို သတိလက်လွတ်ငေးမောကြည့်နေမိပါ၏။
နဖူးထက် ဖရိုဖရဲဝေ့ဝဲကျနေပါသော ဆံပင်လေးများကို လက်လေးဖြင့်သပ်တင်ပေးလိုက်မိသည်။ အခုအချိန်မှာ ကျွန်တော်က ဒီလိုဖြစ်တည်မှုနှင့်အစ်ကို့ရဲ့ဆံနွယ်လေးတွေကို ကိုင်တွယ်နိုင်တဲ့ တစ်ယောက်တည်းသောလူသားဆိုသည့် အသိ၊
ကော့ညွတ်နေတဲ့မျက်တောင်မွှေးရှည်ရှည်လေးတွေ ဝန်းရံထားသည့် မျက်ဝန်းတစ်စုံက ပိတ်ထားသည့်တိုင် ကြည့်လို့ကောင်းနေဆဲပင်။ နှာဖျားအဆုံးသတ်မှာ ခစားနေတဲ့ မှဲ့နက်ကလေးကို လက်ညှိုးလေးဖြင့်ထပ်မံထိတွေ့မိပြန်သည်။
နှုတ်ခမ်းမွှေးခပ်စိမ်းစိမ်းလေးတွေခြံရံထားတဲ့ နှုတ်ခမ်းပါးကို ကြည်နေရင်းပဲ ကျွန်တော်ခံစားမိသည့်အရာကြောင့် နှုတ်ခမ်းလေးဆီလှမ်းတော့မည့် လက်တို့ကို အချိန်မီရပ်တန့်ပစ်လိုက်သည်။ ထပ်ထိတွေ့ဖို့ရာ ကျွန်တော်မရဲပါ။ အရှေ့မှာရှိနေသည့် အစ်ကို့ရဲ့ဖြစ်တည်မှုက ဘယ်အချိန်မှာပျောက်ကွယ်သွားမည်မှန်း ကျွန်တော်မသိရဘူးလေ။ ဒီလိုအခြေအနေနှင့် ဆုံတွေ့ရသည့် ကျွန်တော်တို့နှစ်ယောက်အတွက် မထင်မှတ်ထားသည့်အရာများက အနာဂတ်မှာကြိုလင့်နေမှာကို ကြိုသိပါသည်။ ကျွန်တော့်စိတ်တွေ ပုံမှန်မဟုတ်တော့ဘူး။ အစ်ကိုနဲ့နီးနီးကပ်ကပ်နေမိတိုင်း ကျွန်တော့်ကို ကျွန်တော်မပိုင်တော့သလို ခံစားလာရသည်။
YOU ARE READING
Forget Me Not [ Completed ]
FanfictionLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )