21 : Forever in your eyes

1.1K 113 31
                                    

[Unicode]

ဘဝတစ်ခု၏ အဆုံးသတ်ခြင်းက ဘာများဖြစ်မလဲ ...?

လူအများစုက သေချာပေါက် သေဆုံးခြင်းလို့ပဲ ဖြေကြလိမ့်မည်။ သေဆုံးသွားပြီးရင် အားလုံးပြီးပြတ်သွားပြီ တဲ့။ ရှင်သန်ရတာ ငြီးငွေ့လွန်း၍ သေသွားတာကောင်းမယ် ဟု လူတိုင်း ပြောဖူးကြမည်ထင်သည်။

သေဆုံးခြင်းက တကယ်ပဲ ဘဝရဲ့အဆုံးသတ်လား။ မဟုတ်တန်ရာ။ သေဆုံးခြင်းရဲ့အလွန်တွင် ရှင်သန်ခြင်းမမည်သည့် အတုအယောင်ရှင်သန်ခြင်းသည် တစ်ဖန်တည်ရှိပြီး ထိုအတုအယောင်ရှင်သန်ခြင်းတွင် ပို၍ ဒုက္ခတရား ပြင်းထန်သည်။

သေဆုံးပြီးသွားလျှင် တကယ်ပဲ ဘဝဟာ ပြီးပြတ်သွားခြင်းမဟုတ်ဘဲ ဝဋ်ရှိသရွေ့ ရှင်သန်ခြင်း၏ငရဲခန်းကို ကျော်ဖြတ်ရဦးမည်မှာ မလွဲဧကန်ပင်။ မရှင်သန်ချင်တော့၍ ၊ မရုန်းကန်ချင်တော့၍ ၊ ရှင်သန်ရခြင်း၏ ဒုက္ခများကို စိတ်ပျက်လွန်း၍ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သွားသည့်လူများသည် မျှော်လင့်ချက် တစ်ခုတည်းသာရှိပါသည်။

‌ရှင်သန်ခြင်း၏အဆုံးသတ်ကို မျှော်လင့်၍ အေးချမ်းရမည်ဟု ရည်ရွယ်ကာ ထိုသို့ပြုလုပ်သွားကြခြင်း ဖြစ်သော်လည်း ဘဝသည် ထိုမျှနှင့်မပြီးပြတ်၍ ဝိညာဉ်လောကတွင် အတုအယောင်ရှင်သန်ခြင်းကို ဆက်၍ အသက်သွင်းရမည်။

လူ့ဘဝတွင် အဆုံးမသတ်သေးသည့် ဒုက္ခများကို ဝိညာဉ်အဖြစ်နှင့် ဆက်၍ ခံစားရမည်။ သူ့လိုပဲပေါ့။ သေဆုံးခြင်းနှင့် ရှင်သန်ခြင်း၏ တံတားရဲ့အလယ်တွင်ရပ်ကာ ဘယ်ဘက်သို့ ဖြတ်သန်းရမည်မှန်းမသိ တွေဝေနေရရှာသည်။ တစ်စုံတစ်ခုကို ရွေးချယ်မှုမပြုလုပ်ဘဲ ထိုအတိုင်းသာ တံတား၏အလယ်တွင် ဆက်၍ ရပ်နေခဲ့ချင်သော်လည်း တစ်ခုခုကိုမှ မရွေးချယ်လျှင် တံတားသည် သူ့ရဲ့အလေးချိန်ကို မခံနိုင်ကာ ကျိုးကျလိမ့်မည်။

ခက်သည်မှာ ရွေးချယ်ခြင်းကို သူကိုယ်တိုင် ပြုလုပ်ရမည်မဟုတ်။ ကံကြမ္မာဆိုသည့် တိုက်ခတ်မည့်လေအပေါ်တွင် မူတည်နေကာ လေတိုက်ခတ်ရာအတိုင်း သူက မျောလွင့်လိုက်ရုံပင်။ ရှင်သန်ရခြင်းကို ငြီးငွေ့ခဲ့ဖူးသော်လည်း ရှင်သန်ရန် အကြောင်းပြချက်လေးသည် သူ့ကိုဆွဲဆောင်နေခဲ့ပြီဖြစ်၍ မတည်မကျအခြေအနေတွင် ရှင်သန်ခြင်းဘက် အားသာရန်သာ သူသည် မျှော်လင့်ခဲ့သည်။

Forget Me Not [ Completed ]Where stories live. Discover now