[Unicode]
နွေဦး၏အငွေ့အသက်များဖြင့် စီခြယ်သည့် လမ်းမများတွင် အရောင်အသွေးစုံလင်လှသည့် လူအချို့သည် ရွှေဝါရောင်စပါးနှံလေးများပမာ ဟိုဒီယိမ်းထိုး၍လှုပ်ရှားသွားလာနေကြသည်။ နွေးနုနုနေရောင်ခြည်သည် အဆက်မပြတ်ဖြန့်ကျင်းပေးနေပြီး လှပသည့် ပန်းချီကားတစ်ချပ်သဖွယ် နေ့တစ်နေ့ကို အသက်ဝင်လှပအောင် ဆေးခြယ်ပေးသည်။
အပြာရောင်ကောင်းကင်တွင် အဖြူရောင်တိမ်လွှာပါးတို့သည် ပြေပြေပြစ်ပြစ်ပုဝါစလေးလို လေပြေ၏လားရာအတိုင်း လွင့်မျောနေပြီး နှစ်လိုဖွယ်ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြေးလွှားနေကြသည်။ သဘာဝနှင့်ခြားနားစွာ ကားလမ်းပိတ်မှုဖြင့် တန်းစီနေသောယာဉ်တန်းကြီးသည် မနက်ခင်း၏အလှအပများကို တစ်မျိုးတစ်ဖုံ အကျည်းတန်စေပါသည်။
ဂျောင်ဂု အလုပ်နောက်ကျပြန်ပြီ။ တစ်ယောက်တည်းပြန်နေနေရသည်မို့ ပေါင်မုန့်ထောပတ်သုတ်ကို ပါးစပ်တွင်ကိုက်ကာ ဖိနပ်ကြိုးကို အသည်းအသန်ကုန်းရုံးချည်ရင်း လှေကားထစ်များကို သုံးလေးထစ်ကျော်၍ ဖြတ်နင်းခဲ့ကာ ဘူတာရုံသို့ အပြေးအလွှားဒုန်းဆိုင်းသွားနေခဲ့ရသည်။ လမ်းတစ်လျှောက် တရိပ်ရိပ်နှင့်မြန်ဆန်စွာဝိုးတဝါးဖြတ်ကျန်ခဲ့သော ကားတန်းကိုကြည့်လျှင်ဖြင့် သူ ဘယ်လောက်အထိ နောက်ကျနေပြီဖြစ်ကြောင်း သိသာစေသည်။
ဘူတာရုံနှင့် အတော်လေးလှမ်းနေသေးရာ ဒီအတိုင်းဆိုလျှင် ရထားလွတ်သွားတော့မည်။ ဂျောင်ဂုသည် ခြေလှမ်းများကိုအရှိန်မပြတ်စေဘဲ လက်ကနာရီကို ငုံ့ကြည့်လိုက်သည့်အခါ သူ့လက်ကို အုပ်ကိုင်လာသည့် နွေးထွေးသောလက်ဖဝါး၏အထိအတွေ့ကို အေးငြိမ့်ငြိမ့်ခံစားလိုက်ရသည်။ အလျင်အမြန်ပင် မော့ကြည့်မိသည့်နောက် မောဟိုက်နေသည့်ရင်က ငြိမ်သက်လာသလို၊ ပြေးလွှားနေခဲ့သည့် ခြေလှမ်းများသည် ပို၍တိကျသေသပ်ကာ ပို၍ပေါ့ပါးလာသလိုပင်။
ပြောင်းလဲမှုများ၏စတင်ရာမှာ သေချာပေါက် သူ့နှလုံးသားအတွက် မရှိမဖြစ်လိုအပ်သည့် အဖိုးတန်ဂျင်ဆင်းဖြစ်သော အစ်ကိုပင်ဖြစ်၏။ အစ်ကိုသည် သူ့ထံသို့ အပြုံးတစ်ပွင့်စွန့်ကြဲ၍ သူ့လက်ကိုဆွဲကာ သူနှင့်အတူပြေးနေခဲ့သည်။ တိမ်တွေပေါ်ပြေးလွှားနေရသလို လေညှင်း၏နူးညံ့ညံ့အထိအတွေ့နှင့် အေးစိမ့်စိမ့်ခံစားချက်သည် လှိုက်ဖိုနေသည့်မောဟိုက်ဟိုက်ရင်အစုံအတွက် ပြည့်စုံလွန်းသည့်အနှစ်သာရပင်ဖြစ်သည်။
YOU ARE READING
Forget Me Not [ Completed ]
FanfictionLet me portray you as a Forget-Me-Not flower. ( 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 )