24 : You returned like spring

1.4K 124 88
                                    

[Unicode]

နှာသီးဖျားဆီ လာရောက်တိုးဝှေ့နေသော ဆေးနံ့သည် မယဉ်မသက်ဖြစ်လှ၍ လေးလံနေသည့် မျက်ခွံများသည် လှုပ်ရှားလာ၏။ မျက်လုံးဖွင့်သည်နှင့် ဦးစွာသတိထားမိသည်က လက်ဖျံအကြောထဲထိုးဖောက်စီးဝင်နေသည့် အပ်ကိုပင်ဖြစ်သည်။ ပတ်ပတ်လည်လိုက်ကာဖြူများကာရန်ထားသည့် ကုတင်ပေါ်ရောက်နေခြင်းဖြစ်၍ ဆေးရုံရောက်နေမှန်း သိလိုက်ရ၏။

စိတ်တွေလန်းဆန်းသွားပြီဖြစ်သောကြောင့် အဖျားကျသွားပြီဆိုတာ သိလိုက်ရပြီး ဆေးသွင်းထားသည့်အရှိန်နှင့် အနားယူနေချင်သေးကာ မျက်လုံးများကို ပြန်လည်မှိတ်လိုက်သည်။ ထိုအချိန်တွင် နားထဲကြားလာရသည့် အရင်းနှီးဆုံးစကားသံသည် လိုက်ကာအဖြူများ၏အပြင်ဘက်မှ ဖြစ်လေသည်။

" တကယ်ပဲ စိုးရိမ်စရာမရှိဘူးမဟုတ်လား ဒေါက်တာ "

" ဟုတ်ကဲ့။ အဖျားကြီးပြီး အားနည်းနေတဲ့အချိန် ရှော့ခ်ရစရာတစ်ခုခုကြုံလိုက်ရလို့ မေ့လဲသွားတာပါ။ ဆေးသွင်းထားတာပြီးသွားလို့ သတိရလာရင် ပြန်ခေါ်သွားလို့ရပါပြီ "

" ကျေးဇူးတင်ပါတယ် "

အထိတ်တလန့်ဖြင့် ဂျောင်ဂု၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဒီအသံ ၊ ဟုတ်ပါတယ်။ ကျိန်းသေပေါက် အစ်ကို့ရဲ့ အသံ။ စိတ်တွင် အတည်ပြုမိသည့်အခါ လူသည် လှဲနေရာမှ ကုတင်ပေါ်တွင် အလိုအလျောက်ထိုင်ပြီးသားဖြစ်သွား၏။

နီးကပ်လာသည့် ခြေသံ။ လိုက်ကာအဖြူရောင်တွင် ပုံရိပ်ထင်လာသည့် လူအရိပ်။ ပြူးသထက်ပြူးကျယ်လာသည့် ဂျောင်ဂု၏မျက်ဝန်းများနှင့် လိုက်ကာစကိုဆွဲကိုင်လာသည့် လက်ချောင်းရှည်သွယ်သွယ်များကိုပါ မြင်လိုက်ရချိန်တွင် ခန္ဓာကိုယ်ကို ကုတင်ပေါ် ပစ်လှဲချကာ မျက်စိစုံမှိတ်ထားလိုက်မိသည်။

နိမ့်ချည်မြင့်ချည် လှိုက်ဖိုနေသည့် ရင်ဘတ်သည် စိတ်လှုပ်ရှားမှုဖြင့် အသက်ကိုမနည်းရှူနေရကြောင်း သိသာစေကာ ရင်ဘတ်ထဲမှ နှလုံးသား၏ သံစုံတီးဝိုင်းကဲ့သို့ တဒုန်းဒုန်းတဒိုင်းဒိုင်း မြည်နေသံကို ဂျောင်ဂုသည် ကိုယ့်နားနှင့်ပင် ဆက်ဆက်ပြန်ကြားနေရသည်။ ဆေးနံ့များနှင့်အတူ ရေမွှေးနံ့ခပ်သင်းသင်းသည် ရောယှက်ပျံ့နှံ့လာသည့်အခါ သူပုန်းကွယ်ချင်သည့်တစ်စုံတစ်ယောက် သူ့အနားရောက်လာပြီဆိုတာ သိလိုက်ရ၍ ခြုံထားသည့် စောင်စလေးကိုတောင် လက်ဖြင့်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

Forget Me Not [ Completed ]Where stories live. Discover now