15 : Happiness

1.2K 130 35
                                    

[Unicode]

အိပ်ခန်းပြတင်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် မနက်ခင်း၏ လတ်လတ်ဆတ်ဆတ်လေညှင်းသွဲ့သွဲ့သည် ဂျောင်ဂု၏မျက်နှာအနှံ့ရိုက်ခတ်ကာ ကလူကျီစယ်နေသည်။ သွားတန်းလေးများပေါ်သည်အထိ ပြုံးရယ်သွားကာ စိတ်‌ကြည်လင်မှုကြောင့် သူ့မျက်နှာလေးသည်လည်း ဝင်းဝင်းပပ။

အိပ်ရာထက်ဝယ် အိပ်မောကျနေဆဲဖြစ်သည့် ထယ်ဟျောင်းကို လှည့်ကြည့်ကာလည်း ထပ်မံပြီး နူးနူးညံ့ညံ့ ပြုံးပြန်သည်။ အချစ်ဆိုတာ ဒီလိုမျိုးပါလား။ ကိုယ့်ဘေးနား သူရှိနေသည်ဟူသော အသိ။ သူရှိနေ၍ ပတ်ဝန်းကျင်ရှိသက်ရှိသက်မဲ့ အရာဝတ္ထုအားလုံး လှပနေသည်ဟု ခံစားမိသည့် အခိုက်အတန့်။ သိပ်ကြည်နူးဖို့ကောင်းလွန်း၍ ခဏ ခဏ ပြုံးနေရခြင်းသာဖြစ်လိမ့်မည်။

အလုပ်ပိတ်ရက်ဖြစ်သည့်အလျောက် သူသည် ဒီနေ့တွင် နေမြင့်သည်အထိ အိပ်မနေဖြစ်ပါ။ အိပ်ခန်းပြတင်းပေါက်ဘောင်လေးဝယ် လက်လေးနှစ်ဖက်တင်ပြီး ခေါင်းလေးပြူထွက်ကာ တစ်စုံတစ်ရာကို မျှော်နေခြင်းဖြစ်သည်။ ကားတစ်စီးမှာ သူ့မြင်ကွင်းထဲ ဖြေးဖြေးခြင်း ပုံရိပ်ပေါ်လာသည့်အခါတွင်တော့ ဂျောင်ဂုသည် ဘယ်နှကြိမ်မြောက်မှန်းမသိသည့် အပြုံးလေးထပ်ပြုံးမိကာ အိမ်ထဲမှ အလျင်အမြန်ပြေးထွက်ကာ လှေကားများကို ဒုန်းဆိုင်းဆင်းတော့သည်။

" အိုမို! ဂျောင်ဂု ဘယ်လိုဖြစ်ရတာလဲ "

မနက်စောစောထကာ လေ့ကျင့်ခန်းထလုပ်တတ်သည့် အောက်ထပ်မှ အိမ်ပိုင်ရှင်အန်တီကြီးသည် ဂျောင်ဂုကိုမူ မမြင်ဖူးသလို အထူးအဆန်းကြည့်နေတော့သည်။

" နွားနို့ ထွက်ဝယ်တာပါ အန်တီမိုလန်းရဲ့ .. အော ဦးလေးဂျိုလည်းရှိနေတာပဲ "

" ဒီနေ့ ဦးလေးရဲ့နားရက်လေကွာ ၊ မတွေ့ရတာကြာပြီပဲ ဂျောင်ဂု "

" ဟုတ်ကဲ့! ပြန်လာမှ ကောင်းကောင်းနှုတ်ဆက်မယ်နော် ။ နွားနို့သည်လွတ်သွားမှာစိုးလို့ ဟီး "

‌လောလော လောလောနှင့် ဟီးခနဲရယ်ပြကာ ထွက်သွားသည့် ဂျောင်ဂုကိုမူ ဦးလေးဂျိုနှင့်အန်တီမိုလန်းတို့သည်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းသာ ကျန်ခဲ့ရသည်။ အလုပ်ပိတ်ရက်ဆိုလျှင် အိမ်ထဲမှအိမ်ပြင် မထွက်တတ်သည့် ဒီကလေးကို တွေ့ရဖို့ဆိုတာ တော်ရုံဖြစ်နိုင်သည်မဟုတ်ပေ။ အခုမူ မနက်‌အစောတည်းက တွေ့လိုက်ရ၍ အန်တီမိုလန်းတစ်ယောက်တော့ ထီပေါက်တော့မည်ဟုပင် တွေးထင်နေသည်။

Forget Me Not [ Completed ]Where stories live. Discover now