23 : You are my tears

1.2K 122 44
                                    

[Unicode]

ရင်ခုန်သံတွေ မညီညာရခြင်းမှာ ပူလောင်နေသည့်စိတ်၏အကြွင်းပင်ဖြစ်ကာ ညလေပြေသည် အေးစက်ကြမ်းတမ်း၍ ရင်တစ်ခုလုံးလှိုက်မောနေကာမူ ဒူးတွေညွတ်ကွေးသည်အထိ ပြေးလွှားနေခဲ့ပါသည်။ ပျောက်ကွယ်သွားသည့်လူ ဘယ်ဆီရောက်သွားမှန်း အတိအကျမသိသော်လည်း ထိုနေရာတွင် မရှိနိုင်တော့ဘူးဆိုတာ သေချာနေပါလျက် သူသွားနိုင်သည့်နေရာသည် ထိုနေရာကလွဲ အခြားမရှိလေပြီ။

ရောင်စုံမီးများထွန်းလင်းလာသည့် မြို့ပြ၏ညသည် စည်းကားသောလူထုနှင့် များပြားသော ယာဉ်ကြောပိတ်ဆို့မှုများကြား အလောကြီးစွာ ပြေးလွှားနေခဲ့သည့် ကောင်လေးတစ်ယောက်ကို မည်သူတစ်ဦးတစ်ယောက်ကမှ သတိမမူမိခဲ့ကြပေ။ လဲကျလျှင် ပြန်ထသည်။ ခြေထောက်မှနာကျင်မှုသည် စိတ်၏ပူလောင်မှုနှင့် နှိုင်းစာလျှင် မပြောပလောက်သည့် ဖုန်မှုန့်လေးတစ်ခု ခန္ဓာကိုယ်တွင်လာကပ်ငြိသကဲ့သို့ ရှိသည်ကိုတောင် မသိနိုင်တော့ဘဲ အဆက်မပြတ်ပြေးလွှားနေခဲ့သည်။

ထူထဲသည့် ဖိနပ်ခုံသည် ကွန်ကရစ်လမ်းနှင့် အကြိမ်ဖန်များစွာပွတ်တိုက်မှုကြောင့် မီးပွင့်ထွက်တော့မည့်ပုံပေါ်သည်။ ဖိနပ်ထူထူသည် လိုရာခရီးကိုရောက်ရန် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနေကာ သူ့ခြေဖဝါးများ မပွန်းပဲ့သွားရန် အတတ်နိုင်ဆုံး ကာကွယ်ပေးထားပါသည်။

ကားလမ်းမကိုဖြတ်ကူးသည့်အခါ ဟွန်းတီးသံများ နားထဲဆူညံစွာကြားနေရသော်လည်း အိပ်မက်ကမ္ဘာထဲရောက်နေသလိုမို့ အသံများသည် နားထဲတွင်မသဲကွဲပေ။ ကားသမားများ၏ ဆဲဆိုသံ ၊ အထင်သေးသည့်အကြည့်များသည် သူ့ထံတွင် စုပြုံကျရောက်နေပြီး ထိုအရာများကို ဂရုမစိုက်နိုင်သည်အထိ ကားလမ်းတစ်ဖက်ခြမ်းတွင်ရှိနေသော ဆေးရုံထံသို့ရောက်ရန်သာ သူ့ရဲ့စိတ်တွင် ဦးစားပေးဖြစ်နေခဲ့သည်။

အရင်တစ်ကြိမ် ပျောက်ကွယ်သွားတုန်းက ဒီနေရာတွင် အစ်ကို့ကို ပြန်ရှာ‌တွေ့ခဲ့သည်။ ယခုတစ်ကြိမ်သည် အရင်နှင့်မတူညီတော့ဘူးဆိုတာ သူ သိသည်။ သိပေမယ့် လာခဲ့မိသည်။ ဖြစ်နိုင်ချေမရှိသည့် စိတ်ကူးယဉ်မှုလေးကို ဆွဲမြဲဆုပ်ကိုင်လို့ ဆေးရုံအခန်းရှေ့တွင် ရပ်နေမည့်တစ်စုံတစ်ယောက်ကို တွေ့ချင်မိခဲ့၏။

Forget Me Not [ Completed ]Where stories live. Discover now