ချီမုက ဂရုတစိုက်နဲ့ စုဝမ်ကို ကားပေါ်က ချီချနေတုန်းပဲရှိသေးတယ် စုဝမ်နိုးလာသည်။
"မလှုပ်နဲ့" သူမ ရုန်းတော့မယ့်အရိပ်အယောင်မြင်တာနဲ့ ချီမုက လက်မောင်းထဲက လူကို ပိုတင်းတင်းဖက်လိုက်ကာ "မင်း အခုလေးတင်နိုးလာတာ... အအေးပတ်မှာကို သတိထား... ကိုယ်ပဲ မင်းကို ချီပြီးလိုက်ပို့မယ်လေ"
ခမ်းနားစွာပြင်ဆင်ထားတဲ့စားသောက်ဆိုင်တစ်ခုလုံးက အလွတ်ကြီးဖြစ်နေသည်။ စားသောက်ဆိုင်ထဲက မီးတွေအကုန်ထွန်းထားပေမယ့်လည်း လာစားတဲ့ဧည့်သည်ရော ဝန်ထမ်းတွေပါ တစ်ယောက်မှရှိမနေဘူး။
ချီမုက စုဝမ်ကို သီးသန့်အခန်းထဲခေါ်လာပြီး သူမကို အတွင်းဘက်ခုံမှာ နေရာချလိုက်ကာ "ကိုယ် ဒီနေရာကို ခဏခဏလာနေကျလေ... မီးဖိုချောင်ထဲ ဘာစားစရာရှိလဲ တစ်ချက်သွားကြည့်လိုက်ဦးမယ်.... မင်း ဒီမှာ ခဏနားနေလိုက်"
ချီမုပုံရိပ်ပျောက်သွားတာကိုကြည့်ပြီး စုဝမ်တွေဝေနေကာ ချီမု စားစရာတွေယူပြီး ပြန်ရောက်လာတဲ့အထိ အတွေးထဲမြောနေဆဲဖြစ်သည်။
"စားဖို့အချိန် ရောက်ပါပြီ"
ချီမုက စုဝမ်ရှေ့က စားပွဲပေါ် စားစရာတွေချလိုက်သည်။ မွှေးရနံ့တွေပျံ့နေတဲ့ စားစရာတွေက အငွေ့တထောင်းထောင်းထနေဆဲဖြစ်သည်။
စားစရာတွေရဲ့အနံ့ကိုရပြီး စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားချိန် ချီမုက သူမဘေးမှာ အင်္ကျီလက်နှစ်ဖက်ကို ခေါက်တင်ကာ ရပ်နေပြီး သူ့ကိုယ်မှာလည်း မီးဖိုချောင်က မီးခိုးနံ့တွေစွဲနေသည်။
"ဒါတွေကို နင်ချက်ထားတာလား?"
စုဝမ်က ချီမုကို အံ့ဩပြီးမယုံနိုင်တဲ့အကြည့်နဲ့ကြည့်လိုက်သည်။
ချီမုက ဖြူဖွေးနေတဲ့သွားရှစ်ချောင်းပေါ်အောင် ပြုံးလိုက်ပြီး "ကိုယ် မချက်ဖြစ်တာကြာနေပြီ... အရသာကောင်းလားလို့ မြည်းကြည့်ပါဦး... မင်း ဗိုက်ဆာနေမှာဆိုးလို့ ကိုယ် ရိုးရိုးရှင်းရှင်း နှစ်မျိုးပဲချက်လိုက်တာ"
ချီမုက ပန်းကန်ခွက်ယောက်တွေကို ပြင်ပေးပြီးနောက် စုဝမ်ကိုကူပြီး ထမင်းထည့်ပေးလိုက်သည်။

YOU ARE READING
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
RandomTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest