ရှောင်းကျန်းမိုက ကားကို ဂျပန်ရိုးရာစားသောက်ဆိုင်ရှေ့မှာ ရပ်လိုက်သည်။ သူတို့ကျောင်းတက်တုန်းက စုဝမ်က ဆူရှီစားရတာ နှစ်သက်သည်ကို မှတ်မိနေပါသေး၏။ ကံမကောင်းတာက သူရော သူ့အမေပါ ဆင်းရဲလွန်းလို့ သူမကို အစားသောက်ကောင်းတွေကျွေးဖို့ မခေါ်သွားနိုင်ခဲ့ဘူး။
အခုတော့ သူ့မှာ သာမန်လူတွေ တစ်ဘဝလုံးစုဆောင်းရင်တောင် မရနိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ ဂုဏ်ဒြပ်တွေ ပိုင်ဆိုင်နေပြီပဲ။ သူ သူမကို ရှီအန်းမြို့ရဲ့ဈေးအကြီးဆုံး စားသောက်ဆိုင်တွေဆီ ခေါ်သွားနိုင်တယ်၊ လေယာဉ်နဲ့မှာယူရတဲ ဈေးအကြီးဆုံးပါဝင်ပစ္စည်းတွေ၊ ကမ္ဘာ့အဆင့်မီစားဖိုမှူးတွေရဲ့ လက်ရာတွေကိုပါ သူမကိုကျွေးမွေးနိုင်နေပြီ။
ဒီဟာတွေက အတိတ်ကသူတို့တွေ စိတ်တောင်မကူးနိုင်တဲ့အရာတွေ ဖြစ်ခဲ့ဖူးသည်။
ကားပေါ်ကဆင်းတာနဲ့ စုဝမ်က စားသောက်ဆိုင်ပေါ်က ဆိုင်းဘုတ်ကို အတွေးထဲနစ်မြောနေတဲ့လူတစ်ယောက်လိုမျိုး ငေးကြည့်နေခဲ့တယ်။
"ဝင်ရအောင်.... ကိုယ် သီးသန့်အခန်းမှာထားပြီးသွားပြီ"
ရှောင်းကျန်းမိုရဲ့အသံက အရင်ကလိုပဲ ခပ်ဩဩနဲ့ သာယာနေဆဲပင်။ သူက ဒီမှာ platinum VIP ဖြစ်တာကြောင့် ဘယ်အချိန်မဆို အကောင်းဆုံးသောဝန်ဆောင်မှုတွေ ရရှိနိုင်သည်။
ဒါပေမယ့်လည်း ရှောင်းကျန်းမိုစကားကိုကြားပြီးတာတောင် စုဝမ်က ဝင်ဖို့အစီအစဉ်မရှိသလိုမျိုး ဝင်ပေါက်မှာပဲရပ်နေသည်။ သူမအကြည့်တွေက စားသောက်ဆိုင်တံခါးနဲ့ လမ်းပေါ်မှာ ဝေ့ဝဲကြည့်ပြီးနောက် သူမနှုတ်ခမ်းမှာ ခါးသီးတဲ့အပြုံးလေးတစ်ခုပေါ်လာပြီး "နင် မှတ်မိသေးမယ်လို့ ထင်နေခဲ့တာ... အခုကြည့်ရတာ မေ့...သွားခဲ့ပြီထင်တယ်"
သူမအသံက လှောင်ပြောင်မှုတွေပါဝင်နေခဲ့သည်။
ရှောင်းကျန်းမိုလိုလူမျိုးက သူ့ရှေ့က အောင်မြင်မှုရယ်၊ အတိတ်က နာကျင်မှုတွေရယ်ပဲမြင်တယ်။
အတိတ်ကနေ့ရက်တွေမှာ နာကျင်မှုတွေပဲမဟုတ်ဘူး... ချိုမြိန်မှုတွေ၊ ပျော်ရွှင်မှုတွေပါရှိခဲ့သေးတာပဲလေ။
STAI LEGGENDO
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
CasualeTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest
