Unicode
တရိပ်ရိပ်ကျန်ခဲ့သော သစ်ပင်ရိပ်တွေအားကားပြတင်းမှန်ကကြည့်ရင်း ကားစီးရခြင်းကို အတော်တန်အသားကျလာခဲ့သည်။
မူးရိပ်သန်းသော်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မူးမသွားပဲ မှေး၍ လိုက်ပါဖို့အဆင်ပြေသည်... ဂျယ်ယွန်းမျက်ဝန်းတွေကိုမှိတ်ချကာ နောက်သို့လျောလျောထိုင်ရင်းမှီချတဲ့အခါ ပေါင်ပေါ်မှလက်ဖဝါးထဲ ယှက်ကာဝင်လာသော အနွေးဓာတ်လေးကြောင့် ယဲ့ယဲ့လေးပြုံးမိသည်..။တင်းတင်းဆုပ်ကိုင်ထားသောလက်တွေအားပြန်လည်ကာတင်းကျပ်စေရင်း..
ဆေးရုံကိုအခုမှဆင်းလာသော်လည်း ပင်ပန်းလွယ်တဲ့ကိုယ်ဟာ နလန်ထစမှာ ထင်တာထက်အားနည်းနေတဲ့အခါ ကားစီးရတာပင် ပင်ပန်းတာမို့ သက်တောင့်သက်သာမဖြစ်လှပေ။
အိပ်ပျော်သွားစေဖို့ကြိုးစားရင်း လေးဖင့်နေသောမျက်ခွံတွေဟာ တန်ချိန်လွန်စွာ ပိတ်ကျတဲ့အခါ အိပ်စက်ခြင်းစီကို ပျော်ပျော်ပါးပါးပဲလွင့်ထွက်လာခဲ့သည်...။
" ဟန်နီ...."
တိုးဖျော့ဖျော့ခေါ်သံကြောင့် အဝေးတစ်နေရာစီကအပြေးလာရသလို မောဟိုက်စွာ မျက်ဝန်းတွေကို ဖွင့်ကြည့်တဲ့အခါ ပထမဆုံးမြင်ရသော မြင်ကွင်းဟာ အဖြူရောင်အကျီစသာ..။
ခေါင်းတိုးထားမိသော ရင်ခွင်ဟာ ငြိမ့်နေအောင်လျောက်လှမ်းသော ခြေလှမ်းတွေကြောင့် ပုခက်စီးရသောကလေးသဖွယ်ပြန်လည်ငိုက်မြည်းစပြုသည်...အခန်းထဲပဲတစ်ခါထဲဝင်လာတာကိုမြင်ရတာမို့ လည်တိုင်ကိုချိတ်တွယ်ထားသောလက်တွေအား ဂျယ်ယွန်းမရမကပို၍တင်းအောင်ဖက်ရင်း ကုတင်ပေါ်သို့ ချခွင့်မပေးမိ..။
" အိပ်လိုက်ဦးလေ.....ပင်ပန်းနေတယ်မဟုတ်လား..."
" ခဏလောက်ပဲဒီတိုင်းနေပါရစေ....."
ကလေးတစ်ယောက်လို နှုတ်ခမ်းပါးလေးအားဆူကာ အနည်းငယ်မျှချွဲနွဲ့ပြတဲ့အခါ ဂျေးဆီကရယ်သံဟာ ဆည်းလည်းသံလိုသွင်သွင်ထွက်လာသည်..။ နဖူးပေါ်မှဖိနမ်းလာတဲ့အနွေးဓာတ်နှင့်အတူ ထွေးပွေ့ထားသော လက်တွေအား ဒူးအောက်မှ ရွေ့လျားကာ ခါးထက်သို့တင်းတင်းသိုင်းဖက်လာသည်..။