Unicode - 17

16.4K 1.3K 200
                                    

ပြန်ရမည့် ရက်က ယနေ့ ည ဖြစ်သည်။

ည ဆယ် နာရီခွဲ အချိန်က နွေးထွေးသော နွေရာသီမှာတော့ အရမ်း နောက်ကျနေသည့် အချိန် မဟုတ်။ လေဆိပ်ကို သွားရသော အမြန် လမ်းမပေါ်မှာ ကားတွေ အသွားအလာ ရှိနေသေးသည်။ ကားနောက်မီး အနီလေးတွေ ဟိုတပြောက် ဒီတပြောက်၊ နီးလာလိုက် ဝေးသွားလိုက်နှင့် တရွေ့ရွေ့ သွားနေတာ မြင်ရသည်။

တစ်လမ်းလုံး ဝေယံ ငြိမ်သက်နေတာကို နေသူရိန်မင်းခန့် သတိထားမိသည်။ ဝေယံ့ကို သူ စကားပြောချင်သည်။ တကယ်တမ်း ဘာပြောရမှန်း မသိ။ ကား ပြတင်းပေါက်ကိုသာ ငေးကြည့်နေသော ဝေယံ၏ ပုံစံက ပြောရမည့် စကားများကို တုံ့ဆိုင်းစေသည်။

သူတို့နှစ်ယောက် အကြားမှာ အေးစက်မှု တစ်ခုခုတော့ ရှိနေပြီ။

"ငါ သီချင်း နားထောင်ချင်တယ် သူရိန်"

ဝေယံ အပြင်ကို ငေးနေရာမှ အနေအထား မပျက် ပြောလာသည်။ ဝေယံ အသံသံက ယခင်ကလို နွေးထွေးမှု မပါ။ အသံ အနိမ့်အမြင့် မဟုတ်ဘဲ နာနာကျင်ကျင် ဖြစ်သည်။

နေသူရိန်မင်းခန့် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သူ သိသည်။ ဝေယံက ဝမ်းနည်းနေသည့် အချိန်တွေမှာသာ သီချင်း နားထောင်တတ်သည်။ ဝေယံသာ ဝမ်းနည်းနေတာ မှန်ပါက နေမင်းကြီးက အသည်း ခိုက်အောင် နာကျင်နေတာပဲ ဖြစ်သည်။

နေသူရိန်မင်းခန့် သူ အကြိုက်ဆုံး ဖြစ်သော ဂျပန် နိုင်ငံ၏ ရေဒီယို အစီအစဉ် တစ်ခုကို Escort အား ဖွင့်ခိုင်းလိုက်သည်။ ဝမ်းနည်း နာကျင်နေသော စိတ်များကို သီချင်းက ဖြေသိမ့်ပေးနိုင်ရန် သူ မျှော်လင့်မိသည်။

အမြန် လမ်းမပေါ် ခပ်မှန်မှန် ပြေးလွှားနေသည့် ကားလေးထဲ ရေဒီယိုမှ သီချင်း တစ်ပုဒ် တိုးတိုးလေး ပြန့်လွင့်လာသည်။ သီချင်း အဖွင့် တီးလုံးကို နေသူရိန်မင်းခန့် ကောင်းကောင်း သိနေသလိုပဲ။ တယောနှင့် ဂီတသံ ပေါင်းစပ်ထားသော တေးသွား။

မဟုတ်မှလွဲရော အဲ့ဒီသီချင်းလား . . ။

Every night in my dreams
ညတိုင်း ကိုယ့်အိပ်မက်ထဲမှာ

I see you , I feel you
မင်းကိုပဲ မြင်ယောင်ပြီး မင်းကိုပဲ သတိရနေတယ်

SUN { Season 1 }Where stories live. Discover now