Unicode - 35

10.4K 878 104
                                    

နောက်ဆံ တင်းရမည့် အရာ တစ်ခုကို ခွဲခွာခါနီးမှာ ဘယ်တော့မှ ပြန်လှည့် မကြည့်ရဘူး ဆိုသည့် စကား တစ်ခွန်း ရှိလေသည်။ ထိုစကားကို နေသူရိန်မင်းခန့် ကြားဖူးသည်။ သို့သော် ထိုစကားအတိုင်း သူ မလုပ်နိုင်ခဲ့။

လေဆိပ် ခန်းမထဲ၌ ထိရှ နာကျင်စွာ ကျန်နေရစ်မည့် ချစ်ရသူကို လှည့်ကြည့်မိသည်။ သေချာတာက နှုတ်ဆက် စကား တစ်ခွန်းလောက် သူ ပြောချင်သေးသည်။

"ယံ"

နေသူရိန်မင်းခန့် ခေါ်တော့ ဝေယံ့ထံမှ ပြန်ပြောသံ မကြားရ။ ဘေးမှာ ရှိနေသည့် အာကာဟိန်းထက် သတိပေးလိုက်မှပဲ အကြည့်က သူ့ဆီ ရောက်လာသည်။ ပုံစံက တစ်ခုခု အတွေးလွန်နေသလို။
    
နေသူရိန်မင်းခန့်နှင့် ဝေယံ အကြည့်ချင်း ဆုံလိုက်သည်။ သို့သော် ခဏသာ။ ဝေယံ့ဘက်က ချက်ချင်း မျက်လုံး လွှဲပစ်လိုက်၍ ဖြစ်သည်။ သို့ရာတွင် ဝေယံ၏ မျက်ဝန်းများက နေသူရိန်မင်းခန့် ရင်ထဲမှာ ထင်ထင်ရှားရှား ပုံရိပ်တွေအဖြစ် ကျန်နေရစ်သည်။
    
အဲ့ဒါ ဘာအဓိပ္ပါယ်နှင့် မျက်လုံးတွေလဲ။
နာကျင် နင့်သီးမှုလား။ ကြေကွဲ ဆို့နင့်မှုလား။

မဟုတ်သေး။
ထိုအရာများထက် ပိုသည့် လေးလံမှု တစ်ခုခု ပါသည်။

ဘာများလဲ။
    
သူ မသိပါ။
    
ရှစ် နှစ်တာ တွယ်တာခဲ့ရသော ကြောင်ကလေး တစ်ကောင် ဘဝထဲမှ ထွက်ခွာသွားတုန်းကပင် ဝမ်းနည်းစွာ ငိုရှိုက်ခဲ့ဖူးသော ဝေယံဟာ ယခုအခါ မြတ်နိုး စုံမက်ရသူနှင့် ရေခြားမြေခြား ကွဲကွာဖို့ မိနစ်ပိုင်းသာ လိုတော့သည်။

သူ ဘယ်လို ခံစားနေရမလဲ။
    
သေချာတာက လောကမှာ ကျန်ရစ်သူနှင့် ထွက်ခွာသူ နှစ်ဦးစလုံး ထပ်တူထပ်မျှ နာကျင် ခံစားရတာချည်း ဖြစ်သည်။ စာဖွဲ့လို့ မရအောင် နက်ရှိုင်းသည့် ဆုံးရှုံးမှုမျိုးကို ခံစားရတာချည်းသာ။
    
ဘယ်သူကများ ချစ်ရသူနှင့်
ဝေးကွာရခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ဖူးလို့လဲ။

"ယံ ကျွန်တော်နဲ့ စကား မပြောချင်ဘူးလား"

နေသူရိန်မင်းခန့် ဝေယံ့ကို ရုတ်တရက် ပွေ့ဖက်ကာ ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ဖိအပ်ထားလိုက်သည်။ အနားမှာ အာကာဟိန်းထက် ရှိနေတာကို သူ သိသည်။ လေဆိပ်ထဲ လူတွေ ရှိနေတာပါ သူ သိသည်။ သို့သော် ထိုအရာတွေကို ဂရုစိုက်ဖို့ နေသူရိန်မင်းခန့်မှာ အချိန် မရှိ။

SUN { Season 1 }Where stories live. Discover now