အိမ်ကြီး၏ တံခါး ရှေ့မှာ
စက္ကန့် အတော် ကြာအောင် ဝေယံ ရပ်နေမိသည်။
တံခါး ဖွင့်ဖို့ လက်မြှောက်လိုက်တိုင်း ရွှေရောင် တံခါးလက်ကိုင် အနား ရောက်ခါနီးမှာ လက်များ အလိုလို ရပ်တန့်သွားရသည်။အိမ်ရှေ့ ဧည့်ခန်းမှ မိဘများ၏ စကားပြောသံတို့ကို သူ ကြားနေရသည်။ ဦးဝေယံဟိန်း၏ အသံမှာ မာကျော ခက်ထန်မှု အပြည့်။ ဝေယံ ခြေထောက်များ စင်္ကြံ အုတ်သမံတလင်းတွင် အင်္ဂတေ အကိုင်ခံလိုက်ရသလို တုံ့ဆိုင်းသွားရသည်။
မဝင်ချင်ဘူး၊ ဟင့်အင်း . . မဝင်ရဲဘူး
စိတ်ထဲ တတွတ်တွတ် ရေရွတ်နေချိန် ပခုံးကို တစ်စုံတစ်ယောက်မှ ဆတ်ခနဲ လာဖက်သည်။ တုန်လှုပ် ချောက်ချားစွာ ဝေယံ မော့ကြည်မိသွားသည်။
"သူရိန်"
"ဘာလုပ်နေတာလဲ ယံ၊ ဝင်ကြမယ်လေ"
တံခါးကြီး ကျယ်လောင်စွာ ပွင့်သွားသည်။
ဒီတံခါးကြီး နောက်မှာ . .
ဘယ်လို အရာတွေ ရှိနေမလဲ။
ဘယ်လို အရာတွေ စောင့်နေမလဲ။ဝေယံ စိုးထိတ်စွာ နေသူရိန်မင်းခန့် လက်ကို တင်းတင်း ဆုပ်ကိုင်လျက် အိမ်ကြီးထဲသို့ လိုက်ပါ ဝင်ရောက်သွားလိုက်သည်။ ပူတောက်သည့် ပတ်ဝန်းကျင်မှ အေးစိမ့်သော ဧည့်ခန်းထဲ ရုတ်တရက် ရောက်သွားတော့ ဝေယံ့ ကျောထဲ စိမ့်ခနဲ အေးသွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အခန်းက အေးခဲကာ အငွေ့ပျံနေသလို။
ဆိုဖာတွင် ဦးနေမင်းခန့် ထိုင်နေသည်။ ခပ်လှမ်းလှမ်း အကွာ၌ ဦးဝေယံဟိန်းနှင့် ဒေါ်စန္ဒာခင် မတ်တတ်ရပ်ကာ စကားပြောနေကြ၏။ စကားပြောနေရာမှ ဖခင်ဖြစ်သူ၏ အကြည့်က ဝေယံ့ဆီသို့ ရုတ်တရက် ရောက်ရှိလာသည်။ မျက်လုံးများထဲမှ တောက်လောင်သော ဒေါသတရားကို မြင်လိုက်ရသည့်အခါ အားတင်းထားသော ဝေယံ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားသည်။
ဒေါ်စန္ဒာခင်၏ တားမြစ်သံ မသဲမကွဲ ကြားလိုက်ရသည်။
သို့ရာတွင် ပါကေး ကြမ်းပြင်ပေါ် နင်းလျှောက်လာသော ဦးဝေယံဟိန်း၏ ခြေလှမ်းများမှာ ဝေယံ့ဆီသို့ တဟုန်ထိုး ဦးတည်လာသည်။ နီးကပ်လာချိန် ညာဘက် လက်ကို လေမှာ မြှောက်လိုက်၏။ လားရာသည် ဝေယံ ပါးပြင်ဆီသို့ . . ။ တစ်ကိုယ်လုံး ပူထူကာ မျက်လုံးများ မှိတ်လိုက်မိသည်။
YOU ARE READING
SUN { Season 1 }
RomanceChoose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov 2022