Unicode - 42

10.3K 862 248
                                    

စားပွဲတင် နာရီက ကိုး နာရီ ထိုးဖို့ ငါး မိနစ် အလို။

ညနက်မှ အလုပ် လုပ်တတ်သည့် အာကာဟိန်းထက်အတွက် ဒီလို အချိန်မျိုးက စတူဒီယို အခန်းသို့ စဝင်သော အချိန်မျိုး ဖြစ်သည်။

ရှေ့တည့်တည့်ရှိ အောက်ခံ စာရွက်မှာ အဖြူသက်သက်။ ဆေး တစ်စက်မှ မတို့ရသေး။ ခဲရာပင် မပေးရသေး။ အာကာဟိန်းထက် ခုံမှာ ထိုင်ပြီး စာရွက်ဖြူကို တစ်ချက် ငေးကြည့်လိုက်သည်။ ဆွဲရမည့် ပုံကြမ်းကို စဉ်းစားခြင်း ဖြစ်သည်။
    
အာကာဟိန်းထက်ဟာ အလုပ် တစ်ခုကို လုပ်ပါက မပြီးမချင်း မထဘဲ လုပ်တတ်သော ဇွဲ ရှိသည်။ ပန်းချီ ဆွဲရာတွင် ပန်းချီကား၏ အဆင့် တစ်ဆင့် မပြီးမချင်း သူ မနားတတ်။ တစ်ဆင့် ပြီးပြီဆိုမှ ခဏ အနားယူရင်း ဆွဲလက်စ ပန်းချီကားကို ပြန်ပြီး စစ်ဆေးသည်။ ထို့နောက် ဆက်ဆွဲသည်။ ဒီလိုမျိုး ပန်းချီကား ပြီးသည်အထိ မထတမ်း ဆွဲသည်။

သို့ရာတွင် စာရွက်ဖြူပေါ်သို့ အာကာဟိန်းထက် ခဲရာ စပေးချိန်မှာ မမျှော်လင့်ဘဲ တယ်လီဖုန်းသံ မြည်လာခဲ့သည်။ ခဏ အာရုံ ပျက်သွား၏။ ဖုန်းက အိပ်ခန်းထဲမှာ။ အသံမှာ ကျယ်လောင်နေသည်။ သူ ထမယူ။ အရေးမစိုက်သလို ပန်းချီကိုသာ ဆက်ဆွဲနေသည်။
    
အဆင့် တစ်ဆင့် ပြီးသွားသည်။
ဆေးအပြာဘူး တစ်ဘူးကို ယူ၍ အဖုံးကို ဖွင့်လိုက်သည်။
    
ဖုန်းသံမှာ ထပ်ခါထပ်ခါ မြည်နေဆဲ။
ဘာလို့ ဒီလောက် အဆက်မပြတ် ခေါ်နေရတာလဲ။

ခဏလောက် . . နေပါဦး

အာကာဟိန်းထက် စိတ်ထဲ ရေရွတ်လိုက်သည်။

ဖုန်းသံမှာ ပို ဆူလာသည်။
    
သွားပြီ။ ပန်းချီပေါ်  ဆေးခြယ်တာ များသွား၏။ ပန်းချီ ဆက်ဆွဲလို့ မရတော့။ အာကာဟိန်းထက် စိတ်တိုသွားသည်။ Easel ပေါ်မှ စာရွက်ကို ဗြဲခနဲနေအောင် ဆွဲဖြုတ်ရင်း လုံးချေကာ အမှိုက်ပုံးထဲ ထည့်လိုက်သည်။ လက်မှာ ဆေးစက်တွေ။ အရေးမကြီး။ နောက်မှ ဆေးမည်။ ဖုန်း ကိုင်ဖို့ အိပ်ခန်းထဲ တန်းဝင်လာခဲ့သည်။

သို့ရာတွင် ဖုန်း မျက်နှာပြင်မှ နာမည်ကို မြင်လိုက်တာနှင့် အာကာဟိန်းထက် စိတ်တိုတာ လျော့သွား၏။ ဒေါသတွေ ဘယ်ဆီ လွင့်သွားမှန်းတောင် မသိတော့။ တစ်ဖက်က ခေါ်ဆိုသူကိုပါ ပြန်၍ အားနာမိသွားသည်။

SUN { Season 1 }Where stories live. Discover now