Unicode - 26

14.9K 1.2K 215
                                    

မနက်ခင်း တစ်ခု။
နေပွင့်သော်လည်း ဝေလီဝေလင်း ဖြစ်နေသည့် အချိန်။

အာကာဟိန်းထက် အိမ်က ထွက်လာတော့ အေးအေးဆေးဆေး။ မနေ့က ရွာထားသည့် မိုးကြောင့် သူ သွားရာ လမ်းပေါ် ရေတွေ စုအိုင်နေ၏။ ထိုရေအိုင်တို့ကို တက်မနင်းချင်တာမို့ သွားရမည့် နေရာကို သေချာ ရွေးပြီး ဟိုခုန်ဒီပေါက် လုပ်လာခဲ့သည်။ လမ်းမကြီးကို ကူးပြီး ကျုံးဘက် ရောက်တော့ ရပ်ထားသည့် အနီရောင် ကားကို သူ မြင်လိုက်ရသည်။

အဲ့ဒါ နေသူရိန်မင်းခန့် ကားပဲ ဖြစ်သည်။ အာကာဟိန်းထက် မှတ်မိသည်။ လူကို လိုက်ရှာကြည့်တော့ သစ်ပင်ကြီး အောက်က ခုံတန်း တစ်ခုမှာ ထိုင်နေတာ တွေ့ရ၏။ တစ်ယောက်တည်း ကျုံး ရေပြင်ကို ငေးလျက်။ မျက်နှာက တည်တည်ကြီး။ နေသူရိန်မင်းခန့် မျက်နှာထားက အာကာဟိန်းထက် တစ်ခါမှ မတွေ့ဖူးသော အမူအရာနှင့် ဖြစ်သည်။

တင်းမာနေတာလား။

တုန်လှုပ်နေတာလား။

စိုးရိမ် ပူပန်နေတာလား။

ခါတိုင်းနှင့် မတူဘဲ တောင့်တောင့်ကြီး ဖြစ်နေတာတော့ အမှန်ပင်။

"နေသူရိန်မင်းခန့်"

အာကာဟိန်းထက် လှမ်းခေါ်တော့ လှည့်ကြည့်လာသည်။ သူ့ကို တွေ့တော့ အနည်းငယ် အံ့သြသွားပေမယ့် မျက်နှာက မပြောင်းလဲ။
    
အာကာဟိန်းထက် ခြေလှမ်း သွက်သွက်နှင့် နေသူရိန်မင်းခန့်ဆီ လျှောက်သွားလိုက်သည်။ ခုံတန်းမှာတော့ အတူ မထိုင်။ အနားက သစ်ပင်ကြီး၏ ပင်စည်ကို ညာဖက် ပခုံးနှင့် ထိအပ်ရင်း မှီရပ်သည်။ ပင်စည်က စိုထိုင်းထိုင်းဖြင့်။ သစ်ပင်ကို မော့ကြည့်တော့ လေ တစ်ချက် တိုက်လိုက်တာနှင့် ကြုံကြိုက်သွားသည်။ တွဲလဲခိုနေသော ရေစက်တွေ မျက်ခွံနှင့် နှုတ်ခမ်းလွှာထံ ခစားလာ၏။

"လေ့ကျင့်ခန်း လာလုပ်တာလား"

နေသူရိန်မင်းခန့် အမေး။

အာကာဟိန်းထက်က အဖြူရောင် ရှပ်အင်္ကျီနှင့် အနက်ရောင် အားကစား ဘောင်းဘီတိုကို ဝတ်ထားသည်။ ဖြူဝင်းသော နို့နှစ်ရောင် ပေါင်တံ ရှည်ရှည်သွယ်သွယ်နှင့် ဖြူဥဥ ခြေသလုံးများက အတိုင်းသား။ အဖြူ အနက် ပေါင်းစပ်ထားသည့် အားကစား ဖိနပ်များက တောက်တောက်ပပ။ ပခုံး နှစ်ဖက်မှ နားကြပ်ကြိုး အဖြူရောင် နှစ်ချောင်းကပါ နိုင်ငံခြား သီချင်းများ ညင်သာစွာ ထွက်ပေါ်လျက် ရှိသည်။

SUN { Season 1 }Where stories live. Discover now