Unicode - 50

14.3K 894 171
                                    

ညနေ လေး နာရီ . . ။

တက္ကသိုလ် ဆင်းချိန် ဖြစ်တာမို့ အိမ်အကူများ၏ အကူအညီဖြင့် ညစာ ချက်ခြင်း အမှုကို အပြီးသတ်လျက် ဝေယံ အိမ် အပြင်သို့ အပြေးတပိုင်း ထွက်လာခဲ့သည်။ နေသူရိန်မင်းခန့်သာ မြင်ပါက အေးရအေးနှင့် အပြင်ထိ ထွက်ကြိုသော သူ့ကို စိုးရိမ်စွာ ဆူပါဦးမည်။
   
သို့သော် မတတ်နိုင်။ တစ်နေ့လုံး အိမ်မှာ တစ်ယောက်တည်း အထီးကျန်နေခဲ့တာမို့ အချစ်ရဆုံး သူ အိမ် ပြန်လာချိန် မျက်နှာလေးကို ပထမဆုံး မြင်ချင်မိတာ ဝေယံ၏ ဆန္ဒ ဖြစ်သည်။
   
ဥယျာဉ်ထဲ ဆင်းကာ ခြံတံခါးဝသို့ သွားချိန်တွင် နေရောင်က နှင်းမှုန်များ မှေးခိုနေသော အဖြူရောင် သစ်ရွက်များပေါ် ရောက်နေခဲ့ပြီ ဖြစ်သည်။ ဆန့်ကျင်ရာ အရပ်မှ တိုက်ခတ်လိုက်သော ဆောင်းလေညင်းက မထင်မှတ်စွာ ပြင်းထန်လွန်း၏။ လက်ဖျံ လက်မောင်းတစ်လျှောက် ကြက်သီး မွမွ ထသွားစေသည်။

ဝေယံ ပခုံး ကျုံ့ကာ ဘယ်ဘက် လက်ဖြင့် အနွေးလက်ရှည် အပေါ်မှ တစ်ဆင့် အသာ ပွတ်သပ်လိုက်ရသည်။

ခြံ ရှေ့တွင် နေသူရိန်မင်းခန့် ကား ရောက်နေတာကို သံပန်း တံခါး၏ အကွက် စိပ်စိပ်ကလေးများမှ ဝေယံ မြင်နေရသည်။ ပုံမှန်ဆို အလိုအလျောက် တံခါး ဖွင့် စနစ်ဖြင့် အိမ်ထဲသို့ နေသူရိန်မင်းခန့် မောင်းဝင်လာနေကျ ဖြစ်သည်။

ကိစ္စ တစ်ခုခု ရှိလို့များလား။

တံခါး ဖွင့်ဖို့ လျှို့ဝှက် နံပါတ်များ ရိုက်ထည့်ချိန် မထင်မှတ်ဘဲ ခြံပြင်မှ စကားသံ တချို့ ဝေယံ ကြားလိုက်ရသည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ပြောနေသော စကားများ။ တစ်စွန်းတစ်စ ကြားရရုံ ဖြစ်သည်။ တံခါး ပွင့်သွားသည့်အခါ သူ အံ့သြသွားရသည်။ အပြင်သို့ ထွက်တော့မည့် ခြေလှမ်းများ ရပ်တန့်ကုန်၏။
    
နေသူရိန်မင်းခန့်နှင့် အတူ ရှိနေသော လူမှာ အမျိုးသမီး တစ်ယောက်။
    
ကုပ်ဝဲ ဆံပင် အတိုလေးက ပခုံးပေါ် မရောက်တရောက်၊ မျက်နှာ ဝိုင်းဝိုင်း၊ ရင်းနှီးသော အပြုံးနှင့် ပုပုသေးသေး ချစ်စရာကောင်းရုံ သွင်ပြင်မျိုး ရှိသော မိန်းကလေးကို စူးစမ်းသလို ဝေယံ စိုက်ကြည့်မိသွားသည်။ သူမက နေသူရိန်မင်းခန့်နှင့် နီးနီးကပ်ကပ် ရပ်ရင်း ရယ်ရယ်မောမော စကားပြောနေသည်။

SUN { Season 1 }Where stories live. Discover now