Unicode - 39

9.2K 828 130
                                    

ဒီနေ့မှပဲ ခြံကြီးက မှောင်လွန်းနေသည်။

မှောင်မိုက်သည့် ညအမှောင်၏ တိတ်ဆိတ်မှု အောက်တွင် သစ်ပင်ကြီးတွေ ပို၍ ငြိမ်သက်နေသလို။ ဥယျာဉ်ထဲမှ ပန်းပင်များဆီက ဘယ်လို မွှေးရနံ့မျိုးမှ မရ။ ရနံ့မဲ့ သက်သက်။ ငြိမ်သက် တိတ်ဆိတ်မှုသာ ကြီးစိုးနေ၏။

အနွေးထည် ပါးပါးကို ကိုယ်ပေါ်မှာ လွှမ်းရင်း မေ Scarlett ကားထဲက ထွက်လိုက်သည်။ မြေပြင်နှင့် ထိလိုက်သော သူမ ခြေထောက်တွေမှာ ဘာခွန်အားမှ မရှိတော့သလို ခံစားရသည်။ သူမ လက်တွေကပါ ကားတံခါး ပြန်ပိတ်တာလေးကိုပင် ခပ်ပြင်းပြင်း မပိတ်နိုင်။ ဒုတိယအကြိမ် ပြန်ဖွင့်ပြီး ပိတ်မှ ရသည်။

မေ Scarlett လက်ဖျား၊ ခြေဖျား၊ နှလုံးသားမှာ ယခင်က ရှိခဲ့ဖူးသည့် ခွန်အားတွေ ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်သည်။

သူမ အနီးမှာ အာကာဟိန်းထက်နှင့် ဝေယံတို့ ကပ်ရပ်ပြီး စကား ပြောနေကြသည်။ စံအိမ် ရှေ့ ကွန်ကရစ် လမ်းတစ်လျှောက် တတွတ်တွတ် စကားပြောလျက် လမ်းလျှောက်နေကြခြင်း ဖြစ်သည်။ ဝေယံက မေ Scarlett ကို ဂရုမစိုက်တာလား။ သို့မဟုတ် အမှောင်ထဲမှာမို့ သူမ မျက်နှာကို မမြင်ရတာလား မသိ။ စိတ် အနှောင့်အယှက် ကင်းကင်းဖြင့် ကန်တော်ကြီး ဥယျာဉ် အကြောင်းကို အာကာဟိန်းထက်နှင့် ပြောနေခဲ့သည်။

သို့ပေမယ့် အာကာဟိန်းထက်ကဖြင့် မတူ။ ဝေယံ ပြောသမျှကို ဂရုတစိုက် နားထောင်ရင်း မေ Scarlett မျက်နှာကို အကဲခတ်နေခဲ့သည်။ သူမဘက်သို့ အာကာဟိန်းထက် တည့်တည့် လှည့်လိုက်စဉ်မှာ သူ၏ မျက်ဝန်းတွေ လက်ခနဲ တောက်ပသွားတာကို စံအိမ်ကြီး၏ မီးရောင်ဖြင့် မေ Scarlett မြင်လိုက်ရသည်။
     
ဘုရားရေ . . ။
သူမ ဒီနေရာမှ ပျောက်ကွယ်ချင်လှပါပြီ။

ဒီညမှပဲ လျှောက်လမ်းက ရှည်လှချည်လား။

စံအိမ်ကြီးကို ရောက်ဖို့ ကြာလွန်းနေ၏။

"ဒီနေ့အတွက် ကျေးဇူးပဲ ဟိန်းထက်၊ ညစာကလည်း တကယ်ကို အဆင်ပြေပါတယ်"

SUN { Season 1 }Where stories live. Discover now