အပိုင်း ငါး။

5.9K 509 4
                                    

- 𝗦𝗶𝗹𝗲𝗻𝗰𝗲 𝗜𝗻 𝗧𝗵𝗲 𝗠𝗶𝗿𝗿𝗼𝗿 -

အနောက်အရပ်မှ နေထွက်၍ အရှေ့အရပ်တွင် နေဝင်သွားသယောင်။ နတ်ပြည်က အပ်တစ်စင်းနှင့် လူ့ပြည်က အပ်တစ်စင်း ထိစပ်သွားလေသလား။ ဦးဂုဏ်ရောင်နီရဲ့ အိမ်တော်ကြီး၌ ထူးဆန်းသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တရားခံကတော့ ပြေးတွေးကြည့်စရာ မလိုလောက်အောင်ပင် တိကျလှ၏။ ထိုသူမှာ မိုးသားနီ။

အပေါင်းအသင်း မနှစ်မြို့သူက ရွယ်တူကောင်မလေးများကို အိမ်သို့ခေါ်လာခဲ့သည်တဲ့လား။ ငယ်သွေးကြွေနဲ့ ခင်မင်ခဲ့သော ကာလတစ်လျှောက်လုံးကတောင် အိမ်သို့ ယောင်လို့ပင်မခေါ်ခဲ့။ အခုတော့လည်း ဧည့်ခန်းထဲမှာ သူငယ်ချင်းအသစ်များနှင့် ဝေလားဝါးလား လုပ်နေသူမှာ မိုးသားနီမို့လို့သာ လက်ခံရ၏။ မယုံကြည်နိုင်သေးပေ။

" မိုးသား "

ကျွန်မ့ခေါ်သံကြောင့် မိုးသားအပါအဝင် အခြားသူတွေပါ လှည့်ကြည့်လာခဲ့၏။ ကျွန်မမျက်နှာကို တစ်ခဏသာကြည့်ရင်း မိုးသားကတော့ တစ်ဖက်လှည့်သွားသည်။ မသိချင်ဟန်မဆောင်နိုင်ကြသော သူ့အပေါင်းအဖော်တွေဆီမှ မေးခွန်းတစ်ချို့ဟာ ထွက်ပေါ်လာခဲ့၏။

" မိုးသားနဲ့ ငယ်သွေးကြွယ်က တစ်အိမ်တည်းနေကြတာလား "

တစ်ယောက်က စကားစလိုက်သည်နှင့် အခြားသူတွေကပါ သံယောင်လိုက်ကာ တီးတိုးပြောဆိုလာကြသည်။  ကျွန်မဘယ်လိုဖြေရပါ့မလဲ။ မိုးသားက ကျွန်မ့ရဲ့ အသစ်စက်စက် အစ်မလို့လား။ ဒါမှမဟုတ် ဒီတိုင်းအိမ်လာလည်တာလို့လား။ တိတ်ဆိတ်စွာ တွေဝေနေမိတုန်းက အာရုံ‌တွေအား ဖြိုဖျက်လိုက်သူမှာ မိုးသား။

ပါးစပ်အဟောင်းသားဖြင့် ဘာတစ်ခွန်းမှ ပြန်မတုန့်ပြန်နိုင်ခဲ့ပေ။ ခြေချောင်းထိပ်လေးများအား ကုပ်ထားမိပြီး လက်နှစ်ဖက်ကလည်း ဂါဝန်စအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက်။ အံ့ဩမှုများ စုဆုံကာ မျက်ရည်ကြည်တို့ ဝဲတက်လာရသည်။

" မယားငယ်ရဲ့ သမီး " တဲ့လေ။

စကားတွေကို အဲ့လောက်ထိ ကြမ်းတမ်းအောင်ပြောမှဖြစ်မှာလား။ ကျွန်မမျက်နှာလေး ပျက်ယွင်းသွားမှာတောင် မလိုလားခဲ့တဲ့ တစ်ချိန်က မိုးသားနီ ဘယ်နေရာရောက်သွားတာပါလဲ။ အရာအားလုံးဟာ အချိန်ခဏလေးအတွင်း ကြေမွသွားလေပြီပေါ့။ ရင်ထဲကနာတော့ မျက်ရည်တို့ အတားအဆီးမဲ့လျက် ကျခဲ့ရပြန်၏။ ဒီတစ်ကြိမ် နောက်ဆုံးပါပဲ နောက်အခါတွေများမှာတော့ ရှိသမျှ မာနတွေကို တင်းခံပြီး မသိကျိုးကျွန် ပြုဖြစ်အောင် ပြုဦးမည်။

Silence In The Mirror (completed)Where stories live. Discover now