အပိုင်း ခြောက်။

6.1K 533 13
                                    

- 𝗦𝗶𝗹𝗲𝗻𝗰𝗲 𝗜𝗻 𝗧𝗵𝗲 𝗠𝗶𝗿𝗿𝗼𝗿 -

" မကြာခင်အချိန်အတွင်း ရောက်လာတော့မှာပါ "

မိုးသားတစ်ယောက် မြန်မာပြည်အား ပြန်လာနေပြီဆိုသော သတင်းက ငယ်သွေးကြွယ်နားထဲ အလျင်အမြန်ရောက်ရှိသွားလေသည်။ မိုးသားနီဆိုသော အသိကလေးတစ်ခုကပင် မိုးကောင်းကင်ကြီး ပြိုကျလာမတတ်၊ မြေပြင်တစ်ခွင်လုံး တုန်ဟီးသွားသကဲ့သို့။ ကြွယ့်ရဲ့ ခန္ဓာကိုယ်သွေးကြောထဲကနေကို စိမ့်သွားသည်အထိ ပျော်ရွှင်မှု၊ ရင်ခုန်မှုတို့ဟာ အတိုင်းအဆမဲ့လျက်။

နက်စွေးနေသော နောက်ဆုံးပေါ် luxury ကားလေးဟာ တစ်စုံတစ်ဦး ဘေး၌ ရပ်တန့်သွားလေ၏။ ကားလမ်းမကျယ် မဟုတ်ပါပဲ လမ်းသွယ်တစ်နေရာမို့ အသွားအလာကင်းနေသည်။ ထိုအရပ်အဝန်းလေးတွင် ကားပေါ်မှ တစ်စုံတစ်ဦးဟာ ငြိမ်သက်နေသလို တံခါးအပြင်ဘက်မှ အမျိုးသမီးသည်လည်း ရပ်တန့်လျက်။

နာရီလက်တံတို့သည် တရွေ့ရွေ့ဖြင့် စက္ကန့်မှ မိနစ်သို့ ဦးတည်လာကြပြီ။ ထိုအခါ အနောက်တံခါး ဖွင့်သံနှင့်အတူ လမ်းမပေါ်သို့ ထိတွေ့လာသည့် ခြေလှမ်းအစ။ အသင့်အတင့်ရှည်သော ဒေါက်ဖိနပ်အမည်းရောင်သည် ထိပ်ပိုင်းချွန်ပုံသဏ္ဍာန်ဖြစ်လေ၏။ ခြေကျင်းဝတ်နားထိသာ ဖုံးထားသော အနက်ရောင်ဂျင်းပြောင်သည် ဖြူဖွေးသော အသားစိုင်တစ်ချို့အား ပံ့ပိုးနေသယောင်။ ခပ်ဖျော့ဖျော့အနက်ရောင် အောက်ခံနှင့် တွဲဖက်လွှမ်းခြုံထားသော အနက်ရောင် အပေါ်ကုတ်။

အပေါ်အောက် တစ်ကိုယ်လုံး နက်စွေးနေသည့်တိုင် မိုးသားရဲ့ ကြည်လင်သော အသားအရည်အား မဖုံးဖိထားနိုင်။ ကာလာခြယ်မှုန့် စိုးစဉ်မျှမပါသော်ငြားလည်း မိုးသား၏ ပကတိချောမောသော မျက်နှာသည်လည်း တောက်ပမှု မကျဆင်းသွားချေ။ ဟိုးအရင်တစ်ချိန်က ဆံနွယ်ရှည်တွေအစား ဂုတ်ကျော်ရုံဆိုသလောက် ဖရိုဖရဲနိုင်လှသည့် ဆံနွယ်တွေက နေရာပြောင်းယူထားလေသည်။

" တော်ရုံပဲ ကြည့်ပါ ဒေါ်လွှမ်းနှင်းဆီရဲ့ "

ဩရှကာ တိကျပြတ်သားလွန်းသော စကားသံသည် ဒေါ်လွှမ်းနှင်းဆီ၏ မျက်နှာရှေ့တူတူတွင် ရပ်နေသော နှစ်ဆယ့်သုံးနှစ်အရွယ် အမျိုးသမီးတစ်ယောက်ဆီမှ လာသတဲ့လား။ ရင်ခွင်မှီရုံသာရှိခဲ့သူက အခုဆို ကျွန်မထက် တစ်ခေါင်းစာပင် ပိုရှည်နေပြီ။ တွေးစစဖြင့် မိုးသားနီရဲ့ ပြောင်းလဲလာမှုများအား မျက်တောင်မခပ်တမ်း ငေးကြည့်နေမိသူမှာ ဒေါ်လွှမ်းနှင်းဆီသာ။

Silence In The Mirror (completed)Where stories live. Discover now